Part-46

3.5K 464 18
                                    

Unicode Version

နွန်းသည် မှိုင်း၏ရှင်းပြချက်တချို့ကို နားထောင်ပြီးနောက် ခေါင်းထဲ၌ အရှုပ်အထွေးများနှင့်ပြည့်နှက်သွားတော့သည်။ ရှင်းလင်းနေသည်ဟုထင်ရသောကိစ္စများသည် ရှာဖွေတွေ့ရှိမှုအသစ်များကြောင့် အာရုံထွေပြားဖွယ်ရာများဖြစ်သွားပြီး သူ့ကိုချောင်ပိတ်ဖမ်းထားသလိုပင်။

"ဒါနဲ့ မင်းရဲ့မိဘတွေကိစ္စကရော.."

ထိုကိစ္စနှင့်ပတ်သက်ပြီး သူသည်အကြိမ်ကြိမ်စုံစမ်းစစ်ဆေးခဲ့ပါသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမရှိခဲ့ချေ။ ထို့ကြောင့်လည်း မှိုင်းအား သူ၏အသုံးမဝင်သောသံသယများကို ချိုးနှိမ်ထားသင့်ကြောင်း အမြဲလိုလိုသတိပေးဖြစ်ခဲ့သည်သာ။ အကယ်၍ မှိုင်း၏ထင်မြင်ချက်သည် အမြဲမှန်ကန်နေခဲ့ပါလျှင် သူသည် မှိုင်းအပေါ်အပြစ်ပြုမိလေပြီ။

"နေတလူပန်းက အဆိပ်လည်းဖြစ်နိုင်တယ်ဆိုတာ အရှင်သိလား"

နေတလူပန်းမှအစချီ၍ ရှာဖွေတွေ့ရှိသမျှကို သက်သေနှင့်တကွရှင်းပြနေသော မှိုင်းကိုကြည့်၍ သူ့မှာခံစားချက်ပေါင်းစုံရောပြွန်းနေရတော့သည်။ မှိုင်းသည် ဟိုတုန်းကလို ဘာကိုမှမသိနားမလည်သည့်ကလေးတစ်ယောက်မဟုတ်တော့ချေ။ အရာရာကိုစူးစမ်းဆင်ခြင်နိုင်စွမ်းရှိပြီး ပြဿနာ၏ရင်းမြစ်ကို တိတိကျကျဆုပ်ကိုင်နိုင်ပေသည်။

သူ့အနေနှင့် မှိုင်းကိုစိတ်မချ၍ ရဲတိုက်ထဲတွင်သာ ပိတ်လှောင်ခဲ့မိသည့်နေ့ရက်များအတွက် ရှက်ရွံ့မိသည်။ အထူးသဖြင့် သိသာစွာတိုးတက်လာသော မှိုင်း၏အရည်အချင်းကို မြင်လိုက်ရချိန်တိုင်း သူ၏အပြစ်ရှိစိတ်က ပို၍တိုးပွါးလာသည်သာ။

"ဟီရန်.."

အတွေးကမ္ဘာထဲ၌ မျောနေသော မှိုင်းကတော့ သူခေါ်နေသည်ကို မကြားရှာဘဲ သူ့ပခုံးစွန်းကိုစိုက်ကြည့်ရင်း အာရုံပျံ့လွင့်နေလေသည်။ သူတို့နှစ်ဦးသည် အိမ်တော်ကြီးရှိအကြီးဆုံးအိပ်ခန်းဆောင်ထဲ၌ ရှိနေကြပြီး မျက်နှာချင်းဆိုင်ဆွေးနွေးရန် စားပွဲ၏တစ်ဖက်တစ်ချက်စီ၌ ထိုင်နေကြခြင်းဖြစ်သည်။ တွေးငေးနေသောကောင်လေး၏ အသွင်အပြင်သည် သူ၏မြင်ကွင်းထဲတွင် အသေးစိတ်ကအစ မြင်သာထင်ရှားရှိနေ၏။

Systemကငါ့ကိုယောကျ်ားပေးစားဖို့ကြံစည်နေတယ် (Completed)Donde viven las historias. Descúbrelo ahora