Part 5(Unicode)

243 20 0
                                    

အိုက်စ်လန်တွင်အမြင့်ဆုံးအဆောက်အအုံရှေ့ နှစ်ယောက်ပြိုင်တူရပ်မိတော့ အသက်တောင်မရှူမိဘဲ အံ့သြမှင်သက်စွာငေးမောနေမိသည်။ လှုပ်ရှားသွားလာလျက်ရှိသည့် မြို့ပြ၏အလယ်ခေါင်တွင် ခံ့ညားထည်ဝါစွာတည်ရှိနေသည့် ထိုဘုရားကျောင်းကြီးသည် အဆောက်အအုံတစ်ခုလုံး အဖြူရောင်လွှမ်းလျက် အေးချမ်းဆိတ်ငြိမ်စွာ ရပ်တည်လျက်ရှိသည်။
မညီမညာဖြစ်နေသည့် ခဲတံလေးတွေကို နိမ့်ရာကမြင့်ရာစီတန်းထားသလို အဖြူရောင်ကျောက်တိုင်များကိုလည်း နိမ့်ရာမှတဖြည်းဖြည်းမြင့်တက်လာပြီး ခန်းမကျယ်ကြီးနှင့်ဆက်သွယ်ထားပုံမှာ ဗိသုကာလက်ရာမြောက်လှသည်။ အဆောက်အအုံကြီး၏အရှေ့မျက်နှာစာမှာတော့ နာရီတစ်လုံးကိုနံရံ့တွင်ထည့်မြှုပ်ကာဆောက်ထားပြီး အမြင့်ဆုံးထိပ်မှာတော့ လက်ဝါးကပ်တိုင်တစ်ခုကိုစိုက်ထူထားသည်။
ကြည်ပြာရောင်လွင်လွင် တောက်ပလျက်ရှိသောကောင်းကင်ပြာကို နောက်ခံထားလျက် ဖြူလွလွတိမ်တိုက်လေးများက အဆုပ်လိုက်အဆုပ်လိုက် ဝဲလွင့်လျက်...၊
တောက်ပစွာဖြာကျလာသော နေရောင်ဟာဘုရားကျောင်းကြီးပေါ်သို့ တိုက်ရိုက်ကျရောက်လျက်ရှိသည်။
နေသာသောနေ့တစ်နေ့မို့ ရာသီဥတုမှာခပ်နွေးနွေးနှင့် နေလို့ကောင်းတာမို့ အပေါ်ထပ်အနွေးထည်အထူကြီးများကို ခဏတာစွန့်ခွာလျက် ဆွယ်တာခပ်ပါးပါးဖြင့် လျှောက်လည်လို့ကောင်းနေပေသည်။
"နေ့တိုင်းသာဒီလိုရာသီဥတုမျိုးဆို ကျွန်တော်အိုက်စ်လန်က မပြန်တော့ဘူး"
"ဟင်....ရှင်ကအိုက်စ်လန်မှာနေတာ မဟုတ်ဘူးလား...."
ကိုယ့်စကားနှင့်ကိုယ် ပြောပြီးကာမှအကြီးအကျယ် မှားယွင်းသွားမှန်းသိလိုက်ရသည်။ လိမ်ထားဖို့စိတ်ကူးမရှိသော်လည်း ကျွန်တော်သည်လည်းခရီးသွားတစ်ယောက်ပင် ဖြစ်ကြောင်းကိုဖုံးထားမိတာကတော့ ဘာကြောင့်များလည်းကျွန်တော်လည်း သေချာမပြောတတ်ပါ...။
စစတွေ့တုန်းကလို ကျွန်တော့်မျက်စိရှေ့ကနေ ဘာစကားမှမပြောဘဲဘဲ ချာကနဲလှည့်ထွက်သွားမှာတော့ ကြောက်မိပါသည်။
ဒါပေမဲ့ကျွန်တော်ဘယ်လောက်ထိ ဒီလိုဆက်နေနိုင်ပါ့မလဲ၊ ပြောရမှာဝမ်းနည်းစရာကောင်းပေမယ့် ခွဲခွာရမယ့်အချိန်ဆိုတာ ဒီနေ့လည်းဖြစ်ရင်ဖြစ်နိုင်တယ်၊ မနက်ဖြန်လည်းဖြစ်ရင်ဖြစ်နိုင်တယ် မဟုတ်ပါလား..၊ ဒီလိုနဲ့ကျွန်တော်တို့ခဏလေးတွေ့ပြီး တစ်ယောက်ကိုတစ်ယောက် မေ့မေ့လျော့လျော့ဖြစ်တဲ့အထိ ဟိုးအဝေးကြီးဝေးကြရအုံးမှာ...။
အရင်ဘဝတ္ေ နောင်ဘဝတ္ပေကိုမယုံကြည်တဲ့ ကျွန်တော်ဟာအခုတော့ ရေစက်ဆိုတာကို ယုံကြည်ချင်မိလာပါသည်။
"မဟုတ်ပါဘူး၊ ကျွန်တော်က Washington D.C ကပါ၊"
"ဟုတ်လား၊ ဒါဆို မီယာနဲ့ ဘယ်လိုရင်းနှီးခဲ့တာလဲ"
"ခင်ဗျားရဲ့မေးခွန်းတွေကများလိုက်တာ...၊ နောက်မှအေးဆေးဖြေတာပေါ့ဗျာ...၊
အခုတော့နေမဝင်ခင် ဘုရားကျောင်းထဲသွားရအောင်..."
ကျွန်တော်လည်းပီပီပြင်ပြင်စကားဖြတ်ကာ ရှေ့ကနေခပ်သွက်သွက်လျှောက်သွားလိုက်တော့ နန်းစံသည်လည်းဘာစကားတစ်ခွန်းမှ မဟဘဲနောက်ကနေ လိုက်လာခဲ့ပါသည်။
မြေပြင်မှာတော့ကျောက်သားလမ်းလေးခင်းထားပြီး ဘေးပတ်ဝန်းကျင်မှာတော့ မြက်ခင်းစိမ်းစိမ်းတွေဟာ နေရာယူလျက်ပင်..၊
ဘုရားကျောင်းထဲမဝင်ခင် ခံ့ညားထည်ဝါစွာတည်ရှိနေတဲ့ ရုပ်တုကြီးတစ်ခုကိုမြင်တွေ့ရသည်။
ဝတ်ရုံအရှည်ကြီးကိုခြုံထားလျက် လက်တစ်ဖက်ကပုဆိန်ကြီးကိုကိုင်ကာ ကျန်လက်တစ်ဖက်က အပေါင်းလက္ခဏာလက်ဝါးကပ်တိုင်လေးကို ရင်ဘတ်မှာကပ်လျက် ဒူးတစ်ဖက်ကအနည်းငယ်ကွေးကာ ‌ရှေ့သို့ချီတက်တော့မည်ပုံစံမျိုးနဲ့ ဝံ့ကြွားစွာတည်ရှိနေပေသည်။ မြေပြင်ပေါ်ကနေအတော်မြင့်သော ကျောက်တုံးကြီးပေါ်မှာရှိနေပြီး ကျောက်စိမ်းရောင်ရင့်ရင့်အရောင်သည် နေရောင်ကြောင့်တောက်ပ၍နေသည်။
ကျွန်တော်ကထိုရုပ်တုကြီးကို မြင်မြင်ချင်းမှာဘဲ အကြံတစ်ခုရကာ ကျောက်တုံးရှေ့မှာရပ်ပြီး လက်တစ်ဖက်ကိုပုဆိန်ကိုင်ထားတဲ့ပုံစံလုပ်ကာ နောက်လက်တစ်ဖက်ကို ရင်ဘတ်မှာကပ်လိုက်ပြီး ခြေထောက်တစ်ဖက်ရှေ့ထုတ်ကာ ခေါင်းလေးကိုအနည်းငယ်မော့ထားလိုက်သည်။
"ဟေ့....ဒီမှာကြည့်ပါအုံး၊ ကျွန်တော်နဲ့ Leif Erikson နဲ့တူတယ်လို့မထင်ဘူးလား...၊"
နန်းစံဟာပုဆိန်တွေဓားတွေမပါဘဲ ဟန်လုပ်နေသဖြင့် အူကြောင်ကြောင်ဖြစ်နေသော ကျွန်တော့်ရဲ့ပုံစံကိုကြည့်ကာ မျက်မှောင်ကုပ်ရင်းတစ်ချက်ရယ်လိုက်သည်။
ထိုအခါသူမရဲ့နှုတ်ခမ်းအောက်က ပါးခွက်လေးနှစ်ခုဟာ ထင်း၍ပေါ်လာပေသည်။
"တော်ရုံတန်ရုံရူးစမ်းပါ မစ္စတာရွိုင်ယန်ရယ်....၊"
နန်းစံကကျွန်တော့်ရဲ့ ကြိုစားအားထုတ်မှုကို အသိအမှတ်ပြုသည့်ပုံစံဖြင့် ပုခုံးတစ်ဖက်ကိုခပ်ဖွဖွပုတ်ကာ ရှေ့ကနေလျှောက်ကာဝင်သွားသည်။
ကျွန်တော်လည်းဘေးကလူတွေဝိုင်းကြည့်နေကြသဖြင့် ရှက်ကိုးရှက်ကန်းနှင့် ခေါင်းတစ်ချက်ကုတ်ကာ နန်းစံနောက်ကနေလိုက်ဝင်လာခဲ့သည်။
အဝင်ဝကိုခြေလှမ်းလိုက်တာနဲ့ အသက်ရှူဖို့မေ့သွားသည်အထိ စိတ်ဝိဉာဉ်အစုံကို ဆွဲယူဖမ်းစားလိုက်နိုင်သည့် အဖြူရောင်တိုင်လုံးကြီးတွေနဲ့ လှပစွာပုံဖော်ထားသည့် မြင့်မားလှသည့်မျက်နှာကြက်တစ်ခု...၊ ဝင်ဝင်ချင်းမဟော်ဂနီရောင် စန္ဒရားတစ်ခုကိုမြင်ရပြီး လျှောက်လှမ်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ ဝတ်ပြုဆုတောင်းရန်ထိုင်ခုံတန်းလေးတွေရှိသည်။ အဆောက်အအုံကြီးရဲံအဆုံးမှာတော့ စင်မြင့်တစ်ခုရှိပြီး အပေါ်မှာတော့ လက်ဝါးကပ်တိုင်များသည် နေရာယူလျက်...၊
တိတ်ဆိတ်အေးချမ်းခြင်းဆိုသည့် ခံစားမှုတစ်ခုနှင့်အတူ စိတ်ဝိညာဉ်တို့လွင့်ပါသွားသလို သွယ်နန်းစံဟူသောမိန်းကလေးတစ်ယောက်သည် ခုံတန်းတစ်ခုမှာဝင်ထိုင်လျက် အတွေးများစွာဟာပစ္စုပ္ပန်ရဲ့ဟိုးအဝေးဆီ ပြေး၍နေပေသည်။
မျက်လွှာလေးကိုအသာချကာနှာခေါင်းပေါက်ကာ တိုးဝင်လာသောလေကို အာရုံစိုက်လိုက်သည့်အချိန်မှာဘဲ အတိတ်ကဖြစ်ရပ်တွေနှင့်စတင်တိုက်ခိုက်ရသည်။ အာရုံတွေထဲမှာဘယ်သူမှမရှိတဲ့တစ်နေရာကို ထွက်ပြေး၍နေသည်။
သုံးနှစ်သမီးလေးသွယ်နန်းစံဟာ မူးရူးသောင်းကျန်းနေသော ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် ကိုနံရံတိုင်လေးနောက်ကနေ ကွယ်ပြီးကြည့်နေတဲ့မြင်ကွင်း...၊ မာထန်သောမျက်နှာနဲ့ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ရိုက်ပုတ်နှိပ်စက်နေသည့်အော်သံတွေမကြားအောင် နားနှစ်ဖက်ကိုပိတ်ကာ ငိုယိုနေတဲ့ဆယ်နှစ်အရွယ် သွယ်နန်းစံဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ ပုံစံ...၊ ယောက်ျားကြီးတစ်ယောက်ရဲ့ ကြမ်းရှရှလက်တွေ ခန္ဓာကိုယ်ပေါ်ပိုင်စိုးပိုင်နင်း ထိကပ်လာသည့်အထိအတွေ့တွေကြောင့် ခိုက်ခိုက်တုန်အောင်ထိတ်လန့်နေခဲ့တဲ့ ဆယ့်သုံးနှစ်သမီးတစ်ယောက်ရဲ့ သွေးရူးသွေးတန်းမျက်လုံးတွေ...၊
နောက်ဆုံးမှာတော့ချစ်ရတဲ့သူတစ်ယောက်ကိုတစ်ခြားအမျိုးသမီးတစ်ယောက်ရဲ့လက်ထဲ ကိုယ်တိုင်ထည့်ပေးခဲ့တဲ့ ဆယ့်ကိုးနှစ်အရွယ်မိန်းကလေးတစ်ယောက်...၊
အချိန်တွေဘယ်လောက်တောင်ကြာခဲ့ပြီလဲ....၊ ချစ်ခြင်းမေတ္တာဆိုတာအစဖော်မရတဲ့အထိ မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့ပြီး ဟန်ဆောင်ပြုံးရယ်ခဲ့ရတဲ့နေ့ရက်တွေ ဘယ်လောက်တောင်များခဲ့ပြီလဲ...။
ဒါပေမဲ့လည်းသွယ်နန်းစံဟာ ချစ်ရတဲ့သူကိုပိုင်ဆိုင်ခွင့်ဆုံးရှုံးလိုက်ရပေမယ့် ဘယ်တုန်းကမှနောင်တမရခဲ့ပါ...။
ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေဖို့ ကြိုးစားရင်းခရီးတွေထွက်နေခဲ့တာ အချိန်အတော်ကြာပြီ..၊
တကယ်တော့ကိုယ်ကိုယ်ိတိုင်ကို ပြန်ရှာတွေ့ခဲ့သလားဆိုတာကတော့ မသေချာခဲ့ပါ...။
အသက်နှစ်ဆယ်ကျော်အရွယ် အဖြစ်အပျက်မျိုးစုံကို ကျော်ဖြတ်ခဲ့ပြီးတဲ့နောက်မှာ ဒီထက်ပိုပြီးဘဲသန်မာချင်တော့တယ်...၊ ဘယ်လောကဓံမဆို မတုန်မလှုပ်ရင်ဆိုင်နိုင်လောက်တဲ့အထိ သန်မာချင်တယ်...၊
နှစ်ပေါင်းများစွာမြတ်နိုးလာခဲ့တဲ့ ငယ်ချစ်ကိုတောင် ပိုင်ဆိုင်နိုင်ခွင့်ဆုံးရှုံးခဲ့ပြီးပြီဘဲ၊ ဒီထက်ပိုပြီးဆုံးရှုံးစရာဘာများ ကျန်သေးလို့ပါလဲ။
ဘာမှအသုံးမကျတဲ့ယောက်ျားတွေ၊ ရိုက်ပုတ်နှိပ်စက်တတ်တဲ့ယောက်ျားတွေ၊ မိန်းမတစ်ယောက်ရဲ့ကိုယ်ခန္ဓာကို ပိုင်စိုးပိုင်နင်းကြည့်ပြီး ပစ်မှားတတ်တဲ့ယောက်ျားတွေ၊ ထိပါးစော်ကားတတ်တဲ့ယောက်ျားတွေ..၊ မင်းကပျင်းစရာကောင်းပါတယ်ကွာ ဆိုတဲ့အကြောင်းပြချက်နဲ့ တစ်ခြားမိန်းကလေးတစ်ယောက်နဲ့ ဖောက်ပြားတတ်တဲ့ယောက်ျားတွေ၊ ဒီလိုလူတွေအများကြီးကို ကြုံတွေ့ခဲ့ပြီးပြီ။ ဒါပေမဲ့လည်းဘယ်သူနဲ့မှမတူတဲ့ အဲ့ဒီယောက်ျားတစ်ယောက်ကတော့ နန်းစံအတွက်အားကိုးရာ မှီခိုရာတစ်ခုဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့တစ်ခြားအမျိုးသမီးတစ်ယောက်အတွက် သူ့ဘဝကြီးကိုပုံအပ်ထားခဲ့ပြီလေ...၊
ချစ်နေသေးလားဆိုရင် မချစ်တော့ပါဘူး၊ ဆက်ပြီးချစ်ခွင့်လည်းမရှိတော့ပါဘူး...၊
ဒါပေမဲ့လည်းပြန်တွေးမိတိုင်း အနည်းငယ်တော့နာကျင်နေဆဲပါဘဲ..၊
"နန်းစံ.....နန်းစံ...."
ဘေးနားကခေါ်သံတစ်ခုကြောင့် အတင်းအကြပ်မှိတ်ထားမိသော မျက်လုံးများကိုဖျတ်ခနဲဖွင့်ကာ ကြည့်လိုက်မိသည်။ ထိုအခါမှအတိတ်တွေထဲကနေ ပြန်လည်လွတ်မြောက်လာပြီး အသက်ကိုဝဝရှူလိုက်နိုင်တော့သည်။
တစ်ချိန်ထည်းမှာဘဲ လည်ပင်းမှာဆွဲထားသည့် Amethyst ဆိုတဲ့ခရမ်းစွဲကျောက်လေးကို ခပ်ဖွဖွထိကာ အေးမြသောအထိအတွေ့လေးကနေ စွမ်းအင်တွေပြန်လည်စုပ်ယူလိုက်ရသည်။
နန်းစံရဲ့အမြဲတမ်းစံထားရသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ အဘွားဆီကနေရရှိခဲ့တဲ့ ခရမ်းစွဲကျောက်လည်ဆွဲလေးဟာ စိတ်တွေထွေပြားပြီးဆောက်တည်ရာမရဖြစ်လာတဲ့အချိန် ထိုကျောက်လေးကိုထိလိုက်တာနဲ့ အသိစိတ်ပြန်ကပ်ကာတည်တည်ငြိမ်ငြိမ်ပြန်ဖြစ်စေသည်။ ထို့ကြောင့်ပင်အမြဲတမ်းထိုကျောက်လေးကို ကိုယ်နှင့်မကွာဆောင်ယူထားဖြစ်သည်။
"အဆင်ပြေရဲ့လား..."
နန်းစံရဲ့‌ဘေးကိုဖျတ်ခနဲလှည့်ကြည့်လိုက်တော့ စိုးရိမ်တကြီးစိုက်ကြည့်လျက်ရှိသည့် မစ္စတာရွိုင်ယန်ကိုမြင်လိုက်ရသည်။ နီညိုရောင်ရင့်ရင့်ဆံပင်များက အနောက်ဘက်မှာစု၍စည်းနှောင်ထားသော်လည်း ဆံစအချို့သည်လွတ်ထွက်လျက်ရှိပြီး စိမ်းပြာရောင်မျက်ဝန်းတစ်ခုကတော့ လှုပ်ခါလျက်ရှိပါသည်။
"ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး..."
"ဟောဗျာ...တော်ပါသေးရဲ့၊ ကျွန်တော့်မှာလန့်သွားတာဘဲ၊ မျက်လုံးနှစ်ဖက်ကိုအတင်းမှိတ်ထားပြီး လက်တွေလဲတုန်နေလို့ ဘာများဖြစ်တာလဲလို့ ...၊"
"ဟင်.....၊ ထပ်ပြီးလား...."
နန်းစံလည်းဖြူဖြူသွယ်သွယ် လက်ချောင်းများကို ငုံ့ကြည့်လိုက်မိလေတော့ တုန်ရီ၍မနေဘဲ ပြန်လည်ငြိမ်သက်သွားခဲ့ပြီ...၊
"ဘယ်တုန်းကတည်းကဖြစ်နေခဲ့တာလဲ..."
ဖြန့်တန်းလျက်ရှိသောလက်ချောင်းများကို ပြန်လည်သိမ်းဆည်းလိုက်ပြီး ထိုမေးခွန်းကိုဖြေသင့်မဖြေသင့် ချင့်ချိန်နေရင်းတိတ်ဆိတ်နေမိသည်မှာ အတော်ကြာသွားသည်။ နောက်တော့ဘာရယ်မဟုတ် Ryan ကိုဖျတ်ခနဲလှမ်းကြည့်လိုက်မိတော့ သူဟာလေးနက်သောမျက်ဝန်းများဖြင့် နန်းစံရဲ့အဖြေကို စောင့်နေခဲ့သည်။
"ငါးနှစ်လောက်ရှိပြီ..."
"ဆရာဝန်တွေနဲ့မပြဘူးလား.."
"တစ်ခါတစ်လေမှဖြစ်တာ၊ အမြဲတမ်းမဖြစ်ဘူး၊ ရှင်စိတ်ပူစရာမလိုပါဘူး..."
ဘာလို့လဲ ...၊ ကျွန်တော်စိတ်ပူလို့မဖြစ်ဘူးလား၊ ဒါကစိတ်ရောဂါတစ်မျိုးဘဲ ပေါ့လို့မဖြစ်ဘူး...။
ခင်ဗျားအတွက်တော့ ကျွန်တော်ဟာသွားရင်းလာရင်းလမ်းကြုံလို့ တွေ့တဲ့လူတစ်ယောက်ဖြစ်ချင်ဖြစ်မယ်...။
ကျွန်တော်ကတော့ ဒီတွေ့ဆုံမှုကိုတန်ဖိုးထားတယ်...၊"
ကျွန်တော့်စကားတွေက စည်းကျော်သွားပြီဆိုတာ ကျွန်တော်သိလိုက်တဲ့အချိန် အလျင်အမြန်နှုတ်ပိတ်လိုက်မိသည်။ နန်းစံရဲ့မျက်နှာကတော့ တစ်ချက်မှလှုပ်ခါမသွားဘဲ ခပ်တင်းတင်းပင်...။
"တန်ဖိုးထားတယ်....ဟုတ်လား...၊"
အဲ့ဒီအခါမှာတော့စကားကျွံသွားတဲ့ကျွန်တော်ဟာ ပျာပျာယာယာပြန်ဖြေရသည်။
"ခင်ဗျားတို့ဗုဒ္ဓဘာသာအယူအရဆိုရင် ‌ရေစက်ရှိလို့တွေ့ကြတာဘဲမဟုတ်လား..၊
ကျွန်‌တော်တို့သုံးရက်တောင်ဆုံခဲ့ပြီးပြီဆိုတော့ ရေစက်ကနည်းနည်းကြီးတယ်လို့ပြောလို့ရတယ်မဟုတ်လား..။ ရေစက်လေးတွေစုပြီး အဲ့ထက်ပိုကြီးရင်ရေအိုင်ဖြစ်သွားပြီ....အဲ....အဲ့လိုခေါ်လို့ရလား...။"
နန်းစံလည်းထိုအူကြောင်ကြောင်နိုင်သောစကားကြောင့် ဘာမှပြန်မပြောနိုင်ဘဲ ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေတော့သည်။
ရေစက်လေးတွေစုပြီးနည်းနည်းကြီးလာတော့ ရေစက်ကြီးဖြစ်လာပြီး ရေအိုင်ဖြစ်သွားတယ်တဲ့လား...၊
ဟ...အံ့သြဘ...။
"ရှင်လည်းတစ်ခါတစ်လေ ရူးကြောင်ကြောင်နဲ့နော်..."
နန်းစံကမထေ့တထေ့လေး ပြုံးပြလိုက်တော့ မစ္စတာရွိုင်ယန်ဆိုသူလည်း ခပ်ခြောက်ခြောက်တစ်ချက်ရယ်သည်။
အနီးပတ်ဝန်းကျင်မှာတော့ ခရီးသွားများနှင့် ဝတ်ပြုဆုတောင်းသူအနည်းငယ်ရှိပြီး မြင့်မားထည်ဝါလှသည့် ဗိသုကာလက်ရာမြောက် ထိုဘုရားကျောင်းကြီးထဲမှ ပြန်ထွက်ဖို့ပြင်လိုက်သည်။
ကျွန်တော်တို့နှစ်ယောက်လုံး ကော်ဇောနီကြီးကိုနင်းကာ ပြင်ထွက်လာသည့်အချိန် တစ်ဖက်ကမီးရောင်ကြောင့် လက်ခနဲဖြစ်သွားသည့် နန်းစံရဲ့ဆွဲကြိုးလေးကိုသတိထားမိလိုက်သည်။ အရင်နေ့တွေကရာသီဥတုအေးတာကြောင့် ထူထည်းတဲ့အနွေးထည်ကြီးတွေနဲ့ နှစ်ပါးသွားနေရတာမို့ အခုမှသာသေချာမြင်မိသည်။
"Amethyst ဘဲ..."
နန်းစံကကျွန်တော်ကိုတစ်ချက်ငဲ့ကြည့်ကာ လည်ဆွဲလေးကိုခပ်ဖွဖွထိလိုက်သည်။
"ဟုတ်တယ်..၊ အဘွားကအမွေပေးထားတာလေ...၊ Amethyst ဆိုတာစိတ်ကိုတည်ငြိမ်စေတဲ့ကျောက်၊ အဆိပ်အတောက်တွေကိုဖယ်ရှားပေးတဲ့ကျောက်ဆိုပြီး ပြောကြတယ်၊"
"Amethyst ဆိုတာ ဂရိဘာသာစကား amethystos ဆိုတဲ့စကားလုံးကနေဆင်းသက်လာပြီး not drunk ဆိုတဲ့အဓိပ္ပာယ်ရတယ်လေ...၊ ရှေးခတ်ဂရိတွေကအရက်၊ဝိုင် အမူးလွန်ခြင်းမှကာကွယ်ပေးတယ်ဆိုပြီး ယုံကြည်ကြတယ်...။ အဘွားကရည်ရွယ်ချက်ရှိရှိ ဆင်ပေးခဲ့တာပါဘဲ...။
ခက်တာကနန်းစံနဲ့ဆိုရင်တော့ Amethyst တောင်မကယ်နိုင်တော့ဘူးထင်တယ်...၊"
ကျွန်တော်ကမချိုမချဉ်လေးပြုံးရင်းပခုံးတွန့်ကာ ပြောချင်ရာပြောပြီး အနိုင်ပိုင်းကာရှေ့ကနေထွက်လာခဲ့သည်။
အမြဲတမ်းသူအနိုင်ရမှကျေနပ်တတ်တဲ့ သွယ်နန်းစံကတော့ ဒေါသတွေတနုံ့နုံ့ထွက်ရင်း ကျန်နေခဲ့မှာကိုတွေးရင်း တစ်ကိုယ်တည်းကျိတ်ရယ်လိုက်မိသည်။
"ကျွန်မပြောတာ စိတ်တည်ငြိမ်တာကိုဘဲပြောတာ...၊ ရှင်ကျွန်မအကြောင်းဘာမှလဲမသိဘဲနဲ့ အဲ့လိုပစ်စလက်ခတ်ဝေဖန်လို့ရလား...၊ ဒါကရိုင်းတယ်နော် မစ္စတာရွိုင်ယန်..၊
ဒီမှာ....၊ ရှင်ကျွန်မပြောတာ နားထောင်နေရဲ့လား...."
ကျွန်တော့်နောက်ကနေကပ်ပါလာတဲ့ နန်းစံဟာဗျစ်တောက်ဗျစ်တောက် ရေရွတ်ရင်းမကျေမနပ်ဖြစ်နေတာမို့ ကျွန်တော်လည်းစနောက်ချင်တာနဲ့ နောက်ကိုဗြုန်းခနဲဆို လှည့်လိုက်တော့မထင်မှတ်ဘဲမထင်မှတ်ဘဲ နန်းစံနှင့်အနီးဆုံးအနေအထားမှာ မျက်နှာချင်းဆိုင်ရပ်မိသွားသည်။
သူမမျက်ဝန်းတွေဟာတစ်ချက် အရောင်လဲ့သွားပြီး ချက်ချင်းဘဲမျက်လွှာကိုအောက်ချလိုက်သည်။
‌တစ်ခါတလေအေးစက်ပြီး တစ်ခါတစ်လေရက်စက်ပြီး အမြဲလိုလိုကြောက်စရာကောင်းနေတတ်တဲ့ သူမဟာဒီတစ်ခါတော့ နူးနူးညံ့ညံ့လေး ရှက်ကိုးရှက်ကန်းဖြစ်သွားသဖြင့် ရင်ဘတ်ထဲဒိတ်ခနဲဖြစ်ကာ အလိုအလျောက်ပြုံးလိုက်မိသည်။
"ခင်ဗျားကမူးရင်ငိုတဲ့အဖွဲ့ကမဟုတ်ဘူးလား..."
ကျွန်တော်ဟာသူမရဲ့နဖူးကို ထောက်ခနဲမြည်အောင် ခပ်နာနာတောက်လိုက်ပြီး သူမနဲ့မျက်နှာချင်းဆိုင်အနေအထားထိရောက်အောင် ဒူးကို‌ကွေးထားရင်း မျက်နှာကိုငိုမဲ့ငိုမဲ့လုပ်ပြသည်။ လက်နှစ်ဖက်လက်နှစ်ဖက်ကိုမျက်ရည်သုတ်သလို အမူအရာမျိုးလုပ်ရင်း တရှုပ်ရှုပ်ငိုသည့်ပုံစံ သရုပ်ဆောင်ပြလိုက်သည်။
အားပြင်းပြင်းနှင့်တောက်ခံထားရသည့် နှဖူးကိုလက်ဖြင့်အသာအုပ်ကာ ပွက်ပွက်ဆူနေသောဒေါသငွေ့များက အေးစက်တင်းမာသောမျက်ဝန်းများကနေ လျှံကျလာသလိုခံစားရသည်။
သူမအကွက်တွေကြိုသိနေပြီဖြစ်သော ကျွန်တော်ကလေထဲကနေ ဝေ့ခနဲမြောက်တက်လာသော လက်သီးတစ်ချက်ကို ကျွန်တော့်လက်တစ်ဖက်ဖြင့် ဖမ်းဆုပ်ကာတားဆီးနိုင်လိုက်သည်။
"ခင်ဗျား...ဒါ....ကိုယ်ထိလက်ရောက်စော်ကားတာနော်..., ကျွန်တော်အော်လိုက်ရမလား...၊
ကျွတ်ကျွတ်....ယောက်ျားတွေရဲ့ဘဝကြီးက မလုံခြုံတော့ဘူး..."
အောင့်သက်သက်ဖြစ်သွားသော နန်းစံရဲ့မျက်နှာကြောင့် သိပ်ကိုကျေနပ်သွားပြီး အထာကျကျပြုံးရယ်လိုက်မိသည်။
ကျွန်တော်တစ်ချက် သတိလက်လွတ်ဖြစ်နေတဲ့အချိန်မှာဘဲ နန်းစံဟာကျွန်တော့်ဒူးဆစ်ကို နောက်ကနေတိုက်ချလိုက်သဖြင့် မြေပြင်ပေါ်ကိုဒူးတစ်ဖက်ထောက်ကာ ထိုင်ကျလျက်သားဖြစ်သွားသည်။
ဒီတစ်ခါမှာတော့အနိုင်ရသွားတဲ့ နန်းစံဟာခပ်ပေပေတစ်ချက်ငုံ့ကြည့်ပြီး နှာခေါင်းရှုံ့ကာချာခနဲလှည့်ထွက်သွားသည်။
ကျွန်တော်ကတော့ မြေပြင်ပေါ်ကပြန်ထကာ လက်နှစ်ဖက်ကိုခေါင်းပေါ်တင်ရင်း ခပ်ကျယ်ကျယ်ရယ်မောလျက် နန်းစံရဲ့နောက်ကိုလိုက်လာခဲ့သည်။
တကယ်ကိုမလွယ်တဲ့သူပါလားဟုပင် တွေးရင်းခေါင်းတသွင်သွင် ခါရမ်းမိသည်အထိ...။
********

Runaway my Aurora:Where stories live. Discover now