Part 10(Unicode)

193 16 1
                                    

ကျယ်ဝန်းလှသောလေသာဆောင်ကြီးထဲမှာ တစ်ကိုယ်တည်းတိတ်ဆိတ်ငြိမ်သက်စွာဖြင့် ညကောင်းကင်ယံအလှကို ထိုင်ငေးနေမိသည်။ လက်ထဲကဝိုင်ခွက်လေးကို အသာအယာလှုပ်ယမ်းရမ်း အရသာခံကြည့်လိုက်တော့ ပြင်းရှရှခံစားမှုတစ်ခုနှင့်အတူ လည်ချောင်းအတွင်းပူဆင်း၍သွားသည်။

တိမ်ကင်းစင်သောညကောင်းကင်တွင် ကြယ်ကလေးများသည် သာမန်ထက်ပိုတောက်ပနေသည်ဟုပင် ထင်မိလေသည်။ အထပ်မြင့်အဆောက်အအုံကြီးရဲ့အောက်မှာ မီးရောင်တောက်တောက်ကြား ဖြတ်သန်းသွားလာနေကြတဲ့ လူများစွာကိုမှုန်မှုန်ပျပျမြင်ရသည်။

ထိုနေရာကနေမျက်စိရှေ့တည့်တည့်ကိုကြည့်လိုက်လျှင်တော့ မီးရောင်တို့ဖြင့်တဖိတ်ဖိတ် တောက်လျက်ရှိသည့် Eiffel Tower ကိုလှမ်းမြင်ရသည်။ Eiffel Tower ရဲ့ညဘက်မြင်ကွင်းက သိပ်ကိုလှပလွန်းသော်လည်း အိုက်စ်လန်က northern lights တွေလောက် ဆွဲဆောင်မှုမရှိဟုထင်မိသည်။

ပြောမယ့်သာပြောရတာ northern lights တွေကို ထင်ထင်ရှားရှား ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရတာမျိုးမှမဟုတ်ဘဲ...၊ တစ်ခါတစ်လေစူးရှပြီး တစ်ခါတစ်လေတောက်ပတဲ့ မျက်ဝန်းညိုညိုတွေထဲကနေတစ်ဆင့် စိမ်းမြရောင်အလင်းတန်းတွေကို ခံစားမိခဲ့တာ...။

တကယ်ကိုဘယ်တုန်းကမှ မခံစားဖူးတဲ့ခံစားချက်မျိုးပါဘဲ၊ အမည်တပ်ဖို့ခက်သလို မေ့ဖျောက်ဖို့လည်းခက်တဲ့ စွဲလမ်းလွန်းတဲ့အရာတွေ...။ လှစ်ခနဲပြုံးရယ်လိုက်စဉ်ခပ်ရေးရေးလေး ထင်းလာတတ်တဲ့ နှုတ်ခမ်းအောက်က ပါးခွက်လေးနှစ်ခုဟာလည်း သူမမျက်နှာလေးနဲ့လိုက်ဖက်နေလိုက်တာ...။

ဝေးကွာခဲ့တာရက်တွေလတွေ ဘယ်လောက်ကြာသွားလဲ သတိမထားမိလိုက်ပေမယ့် သေချာတာကတော့ ကျွန်တော်သူမကိုလွမ်းနေခဲ့တာပါဘဲ။

အိုက်စ်လန်ကိုသွားဖို့လေးရက်တာ ခွင့်ယူခဲ့ပေမယ့် အမျိုးသမီးလေးတစ်ယောက်နဲ့ တွေ့ဆုံဖြစ်ခဲ့တာမို့ ခွင့်ရက်တွေကျော်ပြီး အလုပ်တွေပစ်ထားရလောက်အောင် ကျွန်တော်ရူးမိုက်ခဲ့မှန်း အလုပ်ပြန်ဝင်မှသတိထားမိတော့သည်။ သူမနဲ့အတူပျော်ခဲ့ရတဲ့အချိန်တွေအတွက် အခုတော့နေ့ရောညပါအလုပ်လုပ်ရင်း ဗျာများခဲ့ရပေပြီ။

Runaway my Aurora:Where stories live. Discover now