Part 27(Unicode)

168 16 2
                                    

အောက်တိုဘာလ၊ ပုဂံမြို့ဟောင်း။

နှစ်ပေါင်းများစွာဝေးကွာနေခဲ့ရတဲ့ ချစ်သောမွေးရပ်မြေလေး‌ပေါ် ပြန်လည်ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် လွမ်းစိတ်တို့ပြည့်လျှံကာ မျက်ရည်စတို့ဝဲရစ်လာတော့သည်။ ဒီမြေပေါ်မှာသွယ်နန်းစံဆိုတဲ့ မိန်းကလေးတစ်ယောက် ဖြူဖြူစင်စင်ရယ်မောခဲ့ဖူးသည့် အမှတ်တရတွေရှိသည်၊ ရာဇဝင်ထဲကချစ်ခြင်းတွေအကြောင်း မငြီးမငွေ့နားထောင်ရင်း ရှိုက်ကြီးတငင် ငိုခဲ့ဖူးသည့်အမှတ်တရတွေလည်းရှိသည်။

အညာဒေသရဲ့ဆောင်းဦးလေပြည်တစ်သုတ်ဟာ နန်းစံသိပ်ကြိုက်တဲ့ ဆိပ်ဖလူးပန်းတွေရဲ့မွှေးရနံ့တို့ကိုသယ်ဆောင်ကာ ဆီးကြိုလိုက်ပါသည်။ ဒီအချိန်ဆိုလိမ္မော်နီရောင်ရင့်ရင့်ရိုးတံလေးနဲ့ ပွင့်ဖတ်ဖြူဖြူလေးတွေဟာ လှိုင်နေအောင်ပွင့်ပေတော့မည်။

သွယ်နန်းစံသည် ရန်ကုန်မြို့ကနေဒီအထိ ဆယ်နာရီနီးပါး‌ တစ်ကိုယ်တည်းမောင်းနှင်လာရသဖြင့် ခရီးပန်း၍နေသော်လည်း ဖွားခင်စံရဲ့ခြံဝန်းထဲက အရောင်အသွေးစုံလှတဲ့ပန်းပင်တွေကို မြင်ပြီးတဲ့နောက်မှာတော့ နွမ်းလျနေတဲ့ခန္ဓာကိုယ်သည် ပြန်လည်ထောင်မတ်လာခဲ့တော့သည်။

အရင်လိုပါဘဲ.....၊ ခြံရှေ့မှာတော့သက်တမ်းရင့်နေပြီဖြစ်တဲ့ ဆိပ်ဖလူးပင်ကြီးရှိပြီး ခြံဝန်းအလယ် ကုဣိုပင်ကြီးအောက်ကကွပ်ပျစ်လေးကလည်း ဒီအတိုင်းပါဘဲ...၊ ဝါးကပ်ခြံစည်းရိုးလေးနေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ အုတ်တံတိုင်းကြီးပေါ်မှာတော့ အောင်မဲညိုပန်းပွင့် ပြာပြာလေးတွေက နွယ်ပင်တွေနဲ့အတူရောယှက်ကာ ပွင့်လန်း၍နေသည်။

ရေနံချေးအပြည့်သုတ်ထားသည့် ပျဉ်ထောင်အိမ်ဟောင်းကြီးကတော့ ‌ရှေးမူလက်ရာမပျက် ခမ်းနားထည်ဝါစွာတည်ရှိနေဆဲပါဘဲ...။

နန်းစံသည် saloon car အဖြူလေးကိုခြံရှေ့မှာရပ်ကာ ခြံထဲကိုလျှောက်ဝင်သွားတော့ အသက်ဆယ့်နှစ်နှစ်အရွယ် ကောင်မလေးတစ်ယောက်က အိမ်ပေါ်ကဆင်းလာသဖြင့် နန်းစံနှင့်မျက်နှာချင်းဆိုင်ရပ်မိသွားသည်။

ဆံပင်ရှည်ရှည်ကိုနှစ်ဖက်ခွဲကာ ကျစ်ဆံမြီးကျစ်ထားပြီး ချည်လုံချည်လေးနဲ့ဇာအင်္ကျီအဖြူခပ်ပွပွကို ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပေါ် ဝတ်ဆင်ထားသဖြင့် လူကြီးလေးတစ်ယောက်နှင့်ပင်တူနေသေးသည်။

Runaway my Aurora:Where stories live. Discover now