Part 34(Unicode)

153 17 1
                                    

"ကလေးတို့ရဲ့တန်ဖိုးရှိတဲ့ သီတင်းကျွတ်ပိတ်ရက်လေးကို ဒီမှာလာပြီးအသုံးချပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ၊

သင်တန်းတစ်ခါလာတက်တိုင်း မုန့်ကျွေးမယ့်အလှူရှင်တွေရှိလို့ မပျက်တာကောင်းတယ်နော်..."

Aqua Land Organization ရဲ့ founder ဖြစ်တဲ့ ဥတ္တရမင်းမောင်ဟာ ကလေးတွေကိုမက်လုံးပေးပြီး ဆွဲဆောင်နေတာမို့ နန်းစံလည်းဘေးနားကနေရပ်ရင်း မသိမသာပြုံးလိုက်မိပါသည်။

ဆိတ်ငြိမ်လှတဲ့ဘုန်းကြီးကျောင်းဝန်းထဲက သစ်သားဆောင်တစ်ဆောင်မှာ သစ်သားထိုင်ခုံယိုင်နဲ့နဲ့လေးတွေနဲ့စားပွဲတွေချကာ နံရံမှာအသစ်စက်စက် whiteboard ကြီးရှိပြီး သင်တန်းပထမဆုံးနေ့မှာ အားတက်သရောလာတက်ရောက်ကြတဲ့ ကလေးငယ်တွေဟာအသီးသီးနေရာယူခဲ့ပြီ။ ထိုကလေးများထဲတွင် ကိုးနှစ်အရွယ်ကလေးကအစ ဆယ့်ငါးနှစ်အရွယ်ကလေးတွေအပါအဝင် ကိုရင်လေးတွေလည်းပါတာမို့ စုစုပေါင်းအယောက်နှစ်ဆယ်လောက်တော့ရှိလိမ့်မည်။ တချို့ကလေးတွေကတော့ စျေးသွားရောင်းရင်းနဲ့ အားတဲ့အချိန်လေးလာတက်ကြတာမို့ အချိန်ပြည့်မရှိနိုင်သော်လည်း သင်နေတဲ့အချိန်လေးမှာတော့ စိတ်ပါလက်ပါသင်ယူကြသဖြင့် ဝမ်းသာအားရရှိရပါသည်။ သင်တန်းကာလဆယ်ရက်တာသာဖြစ်သော်လည်း ထိမိသော course များရေးဆွဲထားခြင်းကိုကြည့်ခြင်းဖြင့် ဖောင်ဒါနှစ်ယောက် ဘယ်လောက်တောင် အလေးအနက်ရှိသလဲဆိုတာသိနိုင်ပါသည်။

နိုင်ငံခြားသားကြီးတွေက speaking ပိုင်းကိုကူပြီးလေ့ကျင့်ပေးသဖြင့် ပိုပြီးထိရောက်မှုရှိသည့်အပြင် အလှူရှင်တွေကလည်း ကလေးတွေအတွက် ပေါင်မုန့်တွေအအေးတွေ ဝေငှပေးသေးတာမို့ ကလေးတွေကပျော်လို့မဆုံးပေ။

အင်္ဂလိပ်စာသင်သည်ဖြစ်သော်လည်း စာကျက်စာမေးပုံစံမျိုးမဟုတ်ဘဲ အုပ်စုဖွဲ့ဆွေးနွေးစေခြင်း၊ ပရောဂျက်များဖန်တီးခြင်းတို့ဖြင့် ကလေးငယ်များကိုအများတကာနှင့် ဝင်ဆံ့အောင်၊ အသင်းအဖွဲ့များတွင်ကောင်းစွာ လုပ်ဆောင်နိုင်အောင် လေ့ကျင့်သင်ကြားပေးလျက်ပင်ရှိပါသည်။

နန်းစံတို့ကတော့ကိုယ်သင်ရမယ့်အပိုင်းလေးကို မြန်မာလိုသေချာရှင်းပြပြီးမှ နိုင်ငံခြားသားများနှင့်လေ့ကျင့်စေရသည်။ ပုဂံမြို့ဟာနိုင်ငံတကာမှဧည့်သည်များ ဝင်ထွက်သွားလာရာနေရာဖြစ်သဖြင့် အင်္ဂလိပ်ဘာသာစကားအပြင် အခြားဘာသာစကားများကို ထမင်းစားရေသောက်စကားလုံးအချို့ ပြောတတ်ဆိုတတ်အောင် သင်ပေးဖို့ကိုမင်းမောင်တစ်ယောက် အကြံရသဖြင့် ပထမရက်အပြီးမှာတော့ အစည်းအဝေးထိုင်ကာ တိုင်ပင်ကြပါသည်။

Runaway my Aurora:Where stories live. Discover now