Part 7(Zawgyi)

49 4 0
                                    

ချမ်းစိမ့်စိမ့်လေအေးတွေဟာ နန်းစံရဲ့ဆံမျှင်လေးတွေကို ဆော့ကစားပြီး အနောက်ဘက်အရပ်ဆီသို့ ဖြတ်သန်းသွားလေသည်။ ကောင်းကင်တွင်အုပ်ဆိုင်းနေသော တိမ်မည်းများကစိတ်နဲ့ခန္ဓာနှစ်ခုလုံးကို မကြည်မသာဖြစ်စေခဲ့သည်။ ဘယ်လိုခံစားမှုကြီးပါလိမ့်...။ ရှေ့ဆက်လျှောက်နေသောခြေလှမ်းတွေကို တုံ့ခနဲရပ်ကာနောက်ပြန်လှည့်ကြည့်မိလေတော့ လွမ်းဆွတ်မှုတစ်ခုကိုသိသိသာသာ ခံစားရသည်။ ဒါဟာအိုက်စ်လန်ပြည်ကိုလွမ်းတာပါလို့သာ လိမ်ညာပြီးဘဲဖြစ်ဖြစ်ထင်ပစ်လိုက်ချင်သည်။ အိုက်စ်လန်မှာရှိနေခဲ့တဲ့လေးရက်တာကာလမှာ ဖတ်ဖို့ယူလာခဲ့တဲ့ သုခမြေပုံဆိုတဲ့စာအုပ်လေးဟာလည်း ပြီးဆုံးသွားခဲ့ပြီ...။ နန်းစံအတွက်တော့ ဒီခရီးစဉ်ဟာပျော်ရွှင်မှုကိုရှာဖို့မဟုတ်ဘဲ လွတ်မြောက်မှုကိုရှာဖို့ဟု ပြောလျှင်ပိုမှန်ပါလိမ့်မည်...။

Northern lights တွေကိုမြင်ရတဲ့အခါ အရာအားလုံးကိုခဏတာမေ့ပျောက်ပြီး ပေါ့ပါးလွတ်လပ်စွာပြုံးရယ်နိုင်လိမ့်မယ်ဆိုတဲ့ မီယာရဲ့စကားကိုနားယောင်ပြီး ရောက်ရှိလာခဲ့တာပါဘဲ...။ တကယ်လည်းမိနစ်ပိုင်းလေးဘဲဖြစ်ဖြစ် နှစ်ပေါင်းများစွာတင်းခံပြီး ဆုပ်ကိုင်ထားခဲ့ရတဲ့အရာတွေကို မေ့ထားနိုင်ခဲ့တာမို့ ဒီကိုလာမိတာနောင်တတော့မရမိပါ...၊ ဘာရယ်မဟုတ် သွားရင်းလာရင်း တိုက်ဆိုင်မှုတစ်ခုကြောင့် တွေ့ဖြစ်ခဲ့တဲ့ လူတစ်ယောက်ကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ မှတ်မိနေအုံးမှာဆိုပေမယ့် ဒီလိုနဲ့နေ့စဉ်ဘဝမှာပြန်လည်ရှင်သန်ရင်း လှုပ်ရှားရုန်းကန်နေရင်းနဲ့ ထိုလူကိုလည်းမေ့လောက်သားလောက် ဖြစ်သွားအုံးမှာပါ..။ တကယ်တော့သူပြောသလို ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်သော်လည်း ထပ်ပြီးပြန်တွေ့ဖြစ်တဲ့အခါကျရင်တော့ အံ့သြခြင်းများစွာနဲ့သာဘုရားတမိရုံပါဘဲပေါ့...။

အိုက်စ်လန်ကိုရောက်ရောက်ချင်းတစ်ရက်သာ အနားမှာရှိပြီးပျောက်ချင်းမလှ ပျောက်သွားတဲ့ကျေးဇူးရှင် မီယာကတော့ ပြန်ခါနီးမနက်မှာတော့ လေဆိပ်ကိုလိုက်ပို့ဖို့ ရောက်ရှိလာခဲ့ပါသည်။ အိုက်စ်လန်ရဲ့ Keflavik လေဆိပ်ထဲကိုဝင်ဝင်ချင်း ပြုံးရယ်စွာစောင့်ကြိုနေတဲ့ ‌ရွှေအိုရောင်ဆံပင်နှင့် မီယာကိုတန်းတန်းမတ်မတ်တွေ့လိုက်ရသော်လည်း အရင်ကလောက်ဒေါသမထွက်မိတော့ပါ။ နန်းစံသည်ခပ်ကြီးကြီး luggage အညိုရောင်တစ်လုံးနှင့် လွယ်အိတ်အပြာလေးကိုလွယ်ကာ မီယာရှေ့မှာဘာမှမပြောဘဲဝင်ရပ်လိုက်သည်။

Runaway my Aurora:Where stories live. Discover now