Part 32(Unicode)

156 16 0
                                    

"မမနန်းစံ၊ ညီမတို့ကိုရွှေစည်းခုံစေတီသမိုင်း ပြောပြအုံးလေ..."

နန်းစံရဲ့ဘေးနှစ်ဖက်မှာကပ်ပါလာသည့် မန္တလေးသူနှင့်ရန်ကုန်သူလေးနှစ်ယောက်က တောင်းဆိုသဖြင့်နန်းစံလည်း ကျက်မှတ်ထားသမျှသမိုင်းကြောင်းတွေကို ခေါင်းထဲကနေပြန်ထုတ်ရပြန်သည်။

"ပုဂံပြည်ဟာအနော်ရထာမင်းလက်ထက်ကစပြီး ဗုဒ္ဓသာသနာထွန်းကားလာခဲ့တယ်ဆိုတာ သိတယ်မဟုတ်လား"

"အဲ....ခဏလေးနေပါအုံး၊ အနော်ရထာဆိုတာ အမျိုးသားပြတိုက်ရှေ့က ရုပ်တုကြီးသုံးခုထဲကဘယ်တစ်ယောက်လဲဟင်၊ ရုပ်နဲ့နာမည်နဲ့တွဲပြီးမှတ်ထားချင်လို့ပါ ဟဲဟဲ..."

ရန်ကုန်သူကလျာက ကလေးဆန်ဆန်ဝင်ပြောတော့ နန်းစံလည်းရယ်လိုက်မိသည်။

"လှမ်းကြည့်လိုက်ရင်ညာဘက်ထောင့်မှာရှိတဲ့တစ်ခုပါ ကလျာရဲ့...၊

အဲ့ဒီအနော်ရထာမင်းလက်ထက်မှာ သီဟိုဠ်ကျွန်းဘုရင်ကအကူအညီတောင်းတဲ့အတွက် ပိဋကတ်သုံးပုံကျမ်းစာနဲ့ဆင်ဖြူတော်တစ်စီးကို အကူအညီပေးခဲ့တယ်၊ အဲ့တာကြောင့်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ မြတ်စွာဘုရားရဲ့စွယ်တော်အပွားကို အနော်ရထာမင်းဆီလက်ဆောင်ပြန်လည်ဆက်သခဲ့တယ်တဲ့၊ ရှင်အရဟံရဲ့အကြံဉာဏ်ကြောင့် စွယ်တော်မြတ်ကိုအများပြည်သူဖူးမြော်နိုင်ဖို့ စေတီတည်ဖို့ဖြစ်လာခဲ့တာ....။

ဘယ်နေရာတည်ကြမလဲဆုံးဖြတ်ကြတဲ့အခါ အနော်ရထာက စွယ်တော်ကိန်းဝပ်လိုသောအရပ်တွင် ဆင်ဖြူတော်ရပ်စေသတည်းဆိုပြီး အဓိဌာန်လိုက်တာ ဆင်ဖြူတော်ဟာပုဂံပြည်ရဲ့အရှေ့မြောက်အရပ် သဲစည်းခုံမှဝပ်လေတယ်တဲ့၊ သဲမြေ‌ပေါ်စေတီတည်ဖို့မဖြစ်နိုင်တာကြောင့် အနော်ရထာမင်းကစိတ်မသက်မသာဖြစ်နေတဲ့အချိန် သိကြားမင်းကထိုမြေကိုကျောက်မြေအတိဖြစ်အော် ဖန်တီးခဲ့တယ်လို့လည်းဆိုတယ်..."

နန်းစံပြောသမျှကိုခေါင်းတညိတ်ညိတ်နှင့် အသေအချာနားစိုက်ထောင်နေသော ထိုညီမလေးနှစ်ယောက်သည် ဖြူစင်ရိုးသားပုံရတာမို့ နန်းစံလည်းခင်မိပါသည်။

"အဲ့တာတကယ်ဖြစ်ခဲ့တာလားဟင်....၊"

"အမ်း....ဘယ်လိုပြောရမလဲ၊ သမိုင်းကိုမေးခွန်းပြန်မထုတ်တာအကောင်းဆုံးဘဲ သက်မွန်ရဲ့...၊ ဒီခေတ်အနေနဲ့တွေးကြည့်ရင် မဖြစ်နိုင်ဘူးလို့ထင်စရာရှိပေမယ့် ဘယ်သူမှမှသေချာမပြောနိုင်ဘဲ၊ လွန်ခဲ့တဲ့နှစ်ထောင်ကျော်က ပုဂံပြည်သူတွေသာ အသေအချာသိမှာပေါ့လေ...။"

Runaway my Aurora:Where stories live. Discover now