Part 12(Unicode)

156 15 1
                                    

"ဟဲ့ကလေးတွေ....ဘာဖြစ်နေကြတာလဲ..."

ငိုသံတွေကြားသဖြင့်ခြံထဲကနေပြေးထွက်လာသော ကျန်စစ်သားမင်းအဖြစ် သရုပ်ဆောင်လျက်ရှိသည့် သုတစစ်ပိုင်၏မိခင်ဒေါ်စိန်ကြည်ကို နန်းစံတို့အားလုံးဖျတ်ခနဲကြည့်လိုက်မိသည်။

မိဘတွေစုံနေတုန်းဖွားခင်စံ၏ခြံဝန်းနှင့် မနီးမဝေးမှာရှိသည့်အရိပ်ရ ကုဣိုပင်ကြီးအောက်တွင် အလွမ်းဇာတ်ခင်းနေကြသော နန်းစံတို့သူငယ်ချင်းသုံးယောက်လုံး မျက်ရည်တွေကိုအတင်းကုန်းရုန်းက သုတ်ရင်းမတ်တတ်ရပ်လိုက်ကြသည်။

"ဟဲ့....သုတ....၊ မိန်းကလေးတွေကိုအနိုင်ကျင့်နေတာလား...."

"မဟုတ်ပါဘူးဗျာ....၊ သရုပ်ဆောင်တိုင်းကစားနေကြတာပါ...."

"အော်....သရုပ်ဆောင်နေကြတာကိုး...၊ အမလေး တတ်လဲတတ်နိုင်ပါ့အေ...၊ ငါ့မှာတော့ဘာများဖြစ်လို့လဲလို့ ပြေးလာရတာ...၊ လာကြ..နေပူတယ်...။

မင်းတို့ရဲ့ဖွားခင်စံကမြေး‌လေးတွေစားဖို့ဆိုပြီး တရုတ်စံကားပွင့်တွေကြော်ထားပေးတယ်..."

အစားအသောက်အသံကြားတာနဲ့ မျက်လုံးလေးတွေဝိုင်းခနဲဖြစ်ကာ ရေးခနဲအော်ရင်း ခြံထဲကိုဝရုန်းသုန်းကားနှင့်ပြေးဝင်သွားကြလေသော နန်းစံတို့ကိုဒေါ်စိန်ကြည်ကတော့ ရယ်မောကာကြည့်ရင်းကျန်ခဲ့ပါသည်။

ကျယ်ဝန်းသောခြံကြီး၏အတွင်းပိုင်းတွင် ပင်စည်ကြီးကြီးဆိပ်ဖလူးပန်းပင်ကြီးရှိကာ ထိုအပင်အောက်မှာတော့ အခိုင်အမာခင်းကျင်းထားသည့်သစ်သားကွပ်ပျစ်ကြီးရှိသည်။ နေ့လယ်နေ့ခင်းပူအိုက်ချိန်များမှာတော့ ဆိပ်ဖလူးပင်ဘေးက ကုဣိုပင်ကြီးကအရိပ်ကောင်းကောင်းပေးသဖြင့် တစ်အိမ်သားလုံးစုဝေးရာလည်းဖြစ်ပေသည်။

ထိုခြံအကျယ်ကြီးထဲမှာတော့ တစ်အိမ်လုံးရေနံချေးသုတ်ထားသည့် ခိုင်ခံခံ့ပျဉ်ထောင်အိမ်အကြီးကြီးတစ်လုံးနှင့် ခပ်သေးသေးအုတ်တိုက်လေးတစ်ခုရှိပြီး အနောက်ဘက်အခြမ်းများမှာတော့ သီးပင်စားပင်တို့စိုက်ပျိုးထားသဖြင့် ဒေါ်ခင်စံတို့မိသားတစ်စုလုံး စားဖို့သောက်ဖို့တော့ပူပန်စရာမရှိချေ...။ ရေနံချေးသုတ်ထားသည့်အိမ်ကြီးရဲ့ဘေးမှာ နှင်းဆီပင်၊ စံပယ်ပင်၊ ဇီဇဝါစသည့် ရာသီပန်းများကိုပန်းအိုးများဖြင့် စိုက်ပျိုးထားပြီး ဝါးကပ်ခြံစည်းရိုးလေးပေါ်မှာလည်း နွယ်ပင်တို့တွယ်ယှက်လျက်ရှိသည်။ ဘိုးဘွားအမွေအနှစ်တစ်ခုဖြစ်သော ဤခြံဝန်းကြီးကိုနန်းစံရဲ့အဖိုးဆုံးသွားသည့် အချိန်ကစပြီး ဖွားခင်စံကတာဝန်ယူအုပ်ချုပ်ခဲ့ပေသည်။ အမိုးမြင့်မြင့်ပျဉ်ထောင်အိမ်ကြီးမှာအတူနေထိုင်သည့် နန်းစံ၏မိခင်ဒေါ်ဝင်းမာ၏မောင်ဖြစ်သူ၊ နန်းစံရဲ့ဦလေးဦးရဲဇော်သည် ပုဂံမြို့အနီးတဝိုက်ကလယ်ကွင်းများတွင် စပါးစိုက်သူဖြစ်သဖြင့် မိသားစုအတွက်စားစရာဆန်လည်းမရှားပေ၊ ဖွားခင်စံရဲ့ညီမဖြစ်သူ ဖွားလေးဒေါ်ကြိုင်ကြိုင်ကတော့ ဖွားခင်စံနှင့်အတူအိမ်မှုကိစ္စအဝဝကို တာဝန်ယူပေးပြီး အုတ်တိုက်လေးတွင်နေကာ အိမ်နောက်စိုက်ခင်းများကိုကြပ်မတ်ပေးသူကတော့ ဒေါ်ကြိုင်ကြိုင်၏သမီးတို့မိသားစုဖြစ်သည်။

Runaway my Aurora:Where stories live. Discover now