Part 22(Unicode)

158 16 1
                                    

"အဲ့လူကြီးနဲ့ဆုဝေနဲ့ တတွဲတွဲဖြစ်နေတာကို စိတ်ထဲသိပ်ပြီးဘဝင်မကျဘူးနန်းစံ..."

တစ်နေ့မှာတော့သုတဟာ နန်းစံကိုဖွင့်ဟညည်းညူလာခဲ့ပါသည်။

"အဲ့လူပုံစံကိုကြည့်ရတာ ကောက်ကျစ်စဉ်းလဲတဲ့ပုံစံမျိုး၊ နင်တို့ကတော့မသိနိုင်ပေမယ့် ယောက်ျားလေးအချင်းချင်းဆိုရင် ကြည့်လိုက်တာနဲ့ဘယ်လိုစရိုက်မှန်းသိတယ်..."

ဒီစကားတွေဟာမနာလိုဝန်တို၍ ပြောနေခြင်းမဟုတ်ဘဲ အမှန်တကယ်စိတ်ပူ၍သာပြောနေခြင်းဖြစ်ကြောင်း သုတရဲ့မျက်လုံးတွေကတစ်ဆင့်သိနိုင်ပေသည်။

နန်းစံလည်းသက်ပြင်းတစ်ချက်ချရုံမှအပ ဘာမှမတတ်နိုင်ခဲ့...။

"အေးပါဟယ်...ငါကြည့်ကြပ်ပြောကြည့်ပါအုံးမယ်၊ ဒါပေမဲ့ဘယ်လောက်ကြာကြာတွဲနိုင်မှာလဲ၊ ဆုဝေကဒီတိုင်းစိတ်ကစားတာနေမှာပါ..."

သုတကသက်ပြင်းရှည်ကြီးကိုလေးပင်စွာချရင်း ဟိုအဝေးကိုငေးလိုက်သည်။

"ငါကတော့စိတ်ပူတယ်...."

နန်းစံယောင်ယောင်လေးပြုံးလိုက်မိသည်။ ဆုဝေသွန်းကိုစိတ်မချလို့ ရန်ကုန်ထိလိုက်လာ၊ အဆောင်မှာနေ၊ ကျောင်းလာတက်ပြီး လိုက်စောင့်ရှောက်ပေးနေတာပါလားသုတရယ်...။ အခုဆိုနှစ်ယောက်လုံးဟာ တက္ကသိုလ်ဒုတိယနှစ်တောင်ရောက်ခဲ့ရောပေါ့...။ ဆုဝေကလည်းစိတ်ပူချင်စရာပင်၊ လည်လည်ဝယ်ဝယ်လည်းမရှိ၊ ရိုးအတဲ့အပြင်ကို သနားကြင်နာစိတ်ကလည်းအတိုင်းထက်လွန်...၊ ဒါတောင်ရည်းစားတစ်ယောက်ရအောင် သူဘယ်လိုများရှာခဲ့ပါလိမ့်နော်...။

ဆောင်းလေရဲ့အငွေ့အသက်တွေဟာ လွှမ်းခြုံစပြုလာတာမို့ ရာသီဥတုဟာလည်း ချမ်းစိမ့်စိမ့်ဖြစ်လာသည်။

ဒီအချိန်ဆိုခြံထဲကဆိပ်ဖလူးပင်ကြီးဟာ အပွင့်တွေကြွေနေလောက်ရောပေါ့....။

**********************

သွယ်နန်းစံဟာမမဝေရဲ့ထောက်ပံ့မှုနဲ့ အလုပ်လုပ်ရင်းနဲ့ကိုပင် သင်တန်းပေါင်းများစွာတက်ခွင့်ရခဲ့သည်။ လတ်တလောမှာနန်းစံစိတ်အပါဆုံးဖြစ်သည့် ကိုယ်ခံပညာကိုလည်းသင်ခွင့်ရသည်၊ မမဝေကတက်စေချင်နေသည့် ရေကူးသင်တန်းလည်းတက်ခဲ့သည်။ အစကတော့ဘာရယ်မဟုတ်၊ ဒီတိုင်းစိတ်ပျော်ရုံသက်သက် ရေကူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရေထဲမှာငါးလေးတစ်ကောင်လိုကူးခတ်လိုက်တိုင်း စိတ်ပင်ပန်းမှုတွေလွတ်ထွက်သွားကာ ခဏတာလွတ်မြောက်သွားသလိုပင်...။

Runaway my Aurora:Where stories live. Discover now