Part 20(Unicode)

165 15 0
                                    

ကျွန်မဟာဘယ်တုန်းကမှ ခွဲခွာရခြင်းတွေအကြောင်းကို ထူးပြီးတွေးမိခဲ့တာမျိုးမရှိခဲ့ဘူး၊ စိတ်ကူးထဲကအနာဂါတ်ဟာ ချစ်ရတဲ့သူတွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒတွေနဲ့ ပျော်ရွှင်စရာအတိဖြစ်ပေမယ့် လက်တွေ့ဘဝကတော့ တွေးထားတာနဲ့ လွဲသည်ထက်လွဲခဲ့ပါသည်။

ဒါပေါ့...ပျော်စရာတွေချည်းဘဲဆို ဘဝဟာသိပ်ကိုပျင်းစရာကောင်းနေမှာပေါ့...။

ကံတရားဟာလူသားတွေကို မပျင်းရလေအောင် လှည့်စား၍နေခဲ့သလား...၊

သေကွဲကွဲရခြင်းနဲ့ရှင်ကွဲကွဲရခြင်း...၊ ဘာအကြောင်းကြောင်းကွဲရကွဲရ မိန်းမငယ်လေးတစ်ယောက်အတွက်တော့ စို့နစ်စရာချည်းပါဘဲ...။

သွယ်နန်းစံဆိုတဲ့မိန်းကလေးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့နောက်တစ်ခုဟာ ထပ်မံစောင့်ကြို၍နေခဲ့ပါသည်...။

************************

နွေဦးပေါက်နေ့တစ်နေ့တွင် ဝါးကပ်ခြံစည်းရိုးလေးပေါ်မှာ အောင်မဲညိုပန်းတို့လှိုင်လှိုင်ပွင့်နေခဲ့သည်။ နန်းစံမြတ်နိုးရတဲ့ ဆိပ်ဖလူးပင်ကြီးကတော့ ဆောင်းရာသီရောက်ခါမှ ပြန်လည်နိုးထလာပါလိမ့်မည်...။

နန်းစံရဲ့မိခင်ဖြစ်သူဒေါ်ဝင်းမာသည် မုဆိုးမတစ်ယောက်ဖြစ်တာကြောင့် ယောက်ျားသားတို့အာရုံစိုက်တာခံရပြီး ရွာထဲမှာလည်း လူတကာနှင့်ပေးစားခံရကာ နှာခေါင်းရှုံ့ခံရသည်။ အဓိကကတော့အတင်းသတင်း ဖြန့်ဝေတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဒေါ်မြင့်ဆွေပင်၊ ဘယ်ရွာကဘယ်ကောင်ကဖြင့် ဒေါ်ခင်စံတို့အိမ်ရှေ့ကို ထပ်ခါထပ်ခါဖြတ်လျှောက်နေပြီ၊ ဘယ်သူကအိမ်ပေါ်တက်သွားတာတွေ့လိုက်တယ်...၊ စသဖြင့် ရပ်ရွာထဲတွင်အများသူငါ ပြောချင်စရာဖြစ်လာတဲ့အခါ ဒေါ်ဝင်းမာသည်ဤအရပ်ကိုစွန့်ခွာ၍ ထွက်သွားဖို့ဖြစ်လာခဲ့သည်။

ရန်ကုန်မြို့ကြီးမှစီးပွားလာလုပ်သူ အသက်မတိမ်းမရိမ်းဦးလေးကြီးတစ်ယောက်နှင့် ဒုတိယအိမ်ထောင်ပြုကာ ရန်ကုန်မြို့ကြီးတွင်အခြေချတော့မည်ဟုဆိုသည်။ ဒါဟာနန်းစံပညာရေးအတွက်လည်းအဆင်ပြေသည်၊ ဒီထက်မကတက်လမ်းတွေအများကြီး ရှာလို့ရနိုင်ပါသည်တဲ့....၊

Runaway my Aurora:Where stories live. Discover now