Part 3(Unicode)

316 19 2
                                    

ကမ္ဘာအနှံ့အပြားကလူပေါင်းများစွာဟာ သူတို့အချင်းချင်းသာနားလည်သော ဘာသာစကားများ ကျွန်တော်တို့အနည်းအကျဉ်းနားလည်နိုင်သော ဘာသာစကားများဖြင့် ပြောဆိုရယ်မောနေကြသည့်အချိန် ကျွန်တော်တို့သည်လည်း ထိုသူတို့နားမလည်နိုင်သော ဘာသာစကားဖြင့် အဆက်အသွယ်ပြုနေကြပေသည်။ ကမ္ဘာကြီးဟာတကယ်ဘဲကျဉ်းလာသလား လူတွေရဲ့အတွေးအခေါ်တွေကဘဲ ကျယ်ပြန့်လာသလား...။

အိုက်စ်လန်ရဲ့နာမည်ကျော် Blue Lagoon လို့ခေါ်တဲ့‌ရေပြာအိုင်ကြီးထဲမှာ လူပေါင်းများစွာဟာ ‌ရေငွေ့တထောင်းထောင်းကြားမှာ အအေးဒဏ်ကိုအံတု၍ အပူခံနေကြပေသည်။ ကျွန်တော်နဲ့ဆိုရင်ရင်ဘတ်လောက်၊ နန်းစံနဲ့ဆိုရင်ပခုံးလောက်ထိမြုပ်သော ထိုကန်ကြီးသည်သဘာဝအတိုင်း ဖြစ်ပေါ်နေခြင်းမဟုတ်ဆိုသော အမှန်တရားကယုံဖို့ခက်ပေသည်။

နန်းစံကတော့မသိချင်ဟန်ဆောင်ကာ ကန်အကျယ်ကြီးထဲမှာနေရာအနှံ့လျှောက်သွားနေပြီး ကျွန်တော်ကတော့ နောက်ကနေတကောက်ကောက်လိုက်နေရပေသည်။

နန်းစံကဆံပင်တွေကို ခပ်မြင့်မြင့်မြှောက်စည်းထားသဖြင့် သူမရဲ့ရုပ်ရည်ကအနည်းငယ် ရင့်ကျက်သည့်အသွင်ဆောင်သည်။ အထူးသဖြင့်နန်းစံရဲ့မျက်လုံးတွေက လူ့ဘဝမှာအချိန်အကြာကြီးရှင်သန်ခဲ့ပြီးပြီမို့ အတွေ့အကြုံများစွာရှိနေတဲ့ပုံစံမျိုး။ ကျွန်တော်နန်းစံရဲ့အသက်ကိုခန့်မှန်းကြည့်လိုက်သည်။ အနည်းဆုံးတော့ကျွန်တော်နှင့် မတိမ်းမယိမ်းလောက်ဘဲရှိမည်ဟုသာထင်မိသည်။

နေရာတကာမှာလည်လည်ဝယ်ဝယ်ရှိတဲ့မနန်းစံဟာ လူမှုဆက်ဆံရေးမှာတော့ အင်မတန်ညံ့ဖျင်းပါသည်။ ကျွန်တော်ဘဲခံစားမိတာလားတော့မသိ၊ နန်းစံဟာသူစိမ်းယောက်ျားလေးတစ်ယောက် ပြုံးပြရင်ခပ်ချေချေပြန်ကြည့်တတ်ပြီး မိန်းကလေးတစ်ယောက်ဆိုရင်တော့ အလိုက်အထိုက်ပြန်ပြုံးပြသည်မို့ gender ခွဲခြားသည်ဟု ကျွန်တော်သွားပြောရင် လက်သီးနဲ့ထိုးလွှတ်မလားတောင်မသိပါဘူး...။ gender ခွဲခြားတာထက် အရင်တုန်းကယောက်ျားတစ်ယောက်က သူ့ကိုပစ်သွားလို့ မုန်းနေတာလားမှမသိ...။

Runaway my Aurora:Where stories live. Discover now