Part 33(Unicode)

146 16 0
                                    

မြင်းခွာသံတခွပ်ခွပ်ဟာ ကတ္တရာလမ်းမပေါ်မှာ လွင့်ကျန်ခဲ့သည်။

စိတ်အာရုံတွေရှုပ်ထွေးနေတဲ့အချိန် လူတွေနဲ့ဝေးရာကိုပြေးရင်း တစ်ကိုယ်တည်းခြေဦးတည့်ရာ လျှောက်သွားတတ်တဲ့အကျင့်ဟာ ဘယ်အရွယ်ကစတင်ခဲ့သလဲမသိပါ၊ တကယ်တော့ထောင်နဲ့ချီတဲ့ ဘုရားစေတီတွေရှိတဲ့ ပုဂံပြည်မှာကြီးပြင်းခဲ့လို့သာ ဒီအကျင့်ကိုရခဲ့တာဖြစ်ပါလိမ့်မည်။

နန်းစံသိပ်ကိုမြတ်နိုးရတဲ့ ပုဂံပြည်ကြီးလေ...၊ ဘုရားဖူးတွေနဲ့စည်ကားလှတဲ့ နာမည်ကြီးဘုရားစေတီတွေထက် လူအသွားအလာနည်းသည့် ဂူဘုရားတွေဆီလျှောက်သွားရင်း တမာရိပ်အောက်မှာအနားယူရင်း စိတ်တွေကိုလွှတ်ထားလိုက်သည့်အခါ လေးလံသောဝန်ထုပ်ကြီး ပြုတ်ကျသွားသလို ပေါ့ပါးသွားရပါသည်။

ဘာရယ်မဟုတ်မြင်းတစ်ကောင်ကို အသော့နှင်ကာလျှောက်သွားနေခဲ့တာ ညနေပင်စောင်းခဲ့ရောပေါ့...၊

နန်းစံခေါင်းပေါ်မှာဦးထုပ်အဝိုင်းကြီးဆောင်းထားပြီး ဆံပင်တွေကိုဖြန့်ချထားသည်။ သွားရင်းလာရင်းဆိုင်လေးတစ်ဆိုင်မှာ ဝယ်ဝတ်ခဲ့သည့် အပွင့်နုပ်နုပ်လေးများပါသော ချည်ထည်စကပ်လေးနှင့် အင်္ကျီအဖြူပွပွလေးဟာ လေတိုက်ခတ်သည့်အခါ တဖျပ်ဖျပ်လှုပ်ခါသွားတတ်သည်။

ဆိုင်ကယ်တွေဟာနေရာအနှံ့ကနေထွက်လာတတ်သဖြင့် ဇာက်ကြိုးကိုဂရုတစိုက်ထိန်းနေရင်း အရှိန်ကိုလျှော့ကာ ပတ်ဝန်းကျင်အခြေအနေကိုအကဲခတ်ကြည့်လေတော့ နန်းစံရောက်နေသည့်နေရာကနေ သ‌‌ဗ္ဗေညုဘုရားကြီးကိုလှမ်း၍မြင်ရသည်။

ဘေးနားမှာဖြတ်သန်းသွားလာနေကြသည့် မြင်းလှည်းများဆီက ချုသံများကိုတညံညံကြားနိုင်ပြီး ကားကြီးကားငယ်အသွယ်သွယ်ကို လမ်းဘေးထိုးရပ်ကာ ဓာတ်ပုံရိုက်နေကြသည့် ဘုရားဖူးများကိုလည်း သန်မာဖျတ်လတ်သောအုန်းခွံရောင်မြင်းပေါ်ကနေ လှမ်းမြင်ရပေသည်။

နန်းစံဟာဇာက်ကြိုးကိုခပ်တင်းတင်းဆွဲကိုင်ကာ ခရီးဆက်မည်ကြံတော့ နောက်ကနေတဖြည်းဖြည်းနီးကပ်လာသည့် မြင်းခွာသံတို့ကိုသတိထားမိပြီး နောက်ကိုလှည့်ကြည့်လိုက်မိသည်။

Runaway my Aurora:Where stories live. Discover now