Part 6(Unicode)

207 22 0
                                    

ဆားငံနံ့အငွေ့အသက်များပါသည့် ပင်လယ်လေဟာ ဆံစများကိုသိမ်းကျုံးခေါ်ဆောင်သွားလျက် မျက်နှာပြင်ပေါ်ခပ်စူးစူးလာထိသည်။ နေဝင်ချိန်ဖြစ်သဖြင့် အပူချိန်သည်လည်းလျော့ကျလာပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခွင်တွင် အအေးဓာတ်တို့ပြန်လည် လွှမ်းခြုံ၍လာပြီဖြစ်သည်။
လိမ္မော်ရောင်ရင့်ရင့်အရောင်တို့ ပျောက်ကွယ်စပြုနေပြီဖြစ်ပြီး အမှောင်ထုသည် အုပ်စိုးလွှမ်းမိုးနိုင်ဖို့ရာ အားယူလျက်ပင်ရှိသေးသည်။ လက်ကျန်နေရောင်သည် ကောင်းကင်တွင်ကျန်ခဲ့သော တိမ်စများပေါ်‌ရောင်ပြန်ဟပ်လျက် မျက်စိရှေ့ကပင်လယ်ပြင်ဟာတော့ လှိုင်းသံတဝုန်းဝုန်းနှင့် သက်ဝင်လှုပ်ရှားလျက်ရှိပေသည်။
ဤပင်လယ်ကမ်းခြေ၏ထူးခြားချက်ကတော့ ကမ်းစပ်ကသဲပြင်တစ်ပြင်လုံးသည် အနက်ရောင်သဲများဖြင့် မည်းနက်၍နေခြင်းပင်ဖြစ်သည်။ တဖြည်းဖြည်းနစ်မြုပ်စပြုလာပြီဖြစ်သော နေမင်းကြီး၏မထင်မရှား နေရောင်ကြောင့် ထိုမည်းနက်နေသောသဲပြင်ကြီးမှာ တစ်ချက်တစ်ချက်လက်ခနဲဖြစ်သွားလိုက် ပင်လယ်လှိုင်းတွေလာရိုက်ခတ်သည့်အခါ သဲမှုန်အချို့မျောပါသွားလိုက်နှင့် လူတို့၏စိတ်နှလုံးကိုညှို့ယူဖမ်းစားလျက်ရှိ၏..။
Black sand beach လို့ခေါ်တဲ့ သဲမည်းကမ်းခြေဆိုသည့်အတိုင်း ကမ်းစပ်ကသဲမှုန်များဟာ အမည်းရောင်အတိ...။
ထိုမြင်ကွင်း၏ဖမ်းစားမှုကိုခံလိုက်ရသော နန်းစံသည်မြေပြင်ကိုပင်မကြည့်နိုင်ဘဲ ခပ်သွက်သွက်လျှောက်လိုက်သည့်အတွက် သဲပြင်ပေါ်ကကျောက်တုံးတစ်ခုကို ခလုတ်တိုက်မိသော်လည်း ဟန်ချက်မပျက်အောင်ထိန်းလိုက်နိုင်သည်။
"အား....ကျွတ်..ကျွတ်....."
အရှိန်ပြင်းသဖြင့် sneaker ခရမ်းရောင်ရင့်ရင့်လေး စီးထားတာတောင် ခြေချောင်းများသည်ထုံကျင်သွားရသည်။
"အမလေး...ရရဲ့လား....၊ ကျောက်တုံးလေးနာသွားလားမသိဘူး...."
Ryan ကနောက်ကနေလျှောက်လာပြီး စုတ်တစ်ချက်သပ်ကာ နန်းစံကိုကျော်၍ ထိုကျောက်တုံးရှေ့မှာဆောင့်ကြောင့်ထိုင်ရင်း လက်ဖြင့်ခပ်ဖွဖွပုတ်သပ်ကာ အရွဲ့တိုက်၍နေသည်။ နန်းစံကတော့ထောင်းခနဲထွက်လာသည့် ဒေါသကိုလျှံကျမလာအောင် ထိန်းနေရသဖြင့် ခြေထောက်ကနာနေမှန်းတောင် မခံစားမိတော့...။
ဒီလူဟာထူးတော့ထူးဆန်းသား...၊ ရုပ်ကြည့်ရင်ရင့်ကျက်မလိုလိုနဲ့ တစ်ခါတစ်လေပေါကြောင်ကြောင်တွေလုပ်လိုက် အူကြောင်ကြောင်တွေပြောလိုက်နှင့် အမြဲတမ်းမျက်နှာထားတည်တည်နှင့် နေတတ်သောနန်းစံကိုပင် မသိလိုက်ခင်မှာဘဲရယ်လိုက်မိအောင် လုပ်နိုင်ပေသည်။
Ryan ကတော့ သူကျေနပ်သွားသည့်ပုံစံဖြင့် ‌ရှေ့ကနေကော့တော့ကော့တော့ ထွက်သွားလေသည်။ နန်းစံထက်ခေါင်းတစ်လုံးစာပိုရှည်ပြီး ဘော်ဒီတောင့်တောင့်နှင့် ကျယ်ဝန်းသောကျောပြင် တုတ်ခိုင်သောလက်မောင်းများရှိသည့် ထိုလူသည်ယခုအခါမှာတော့ မြန်မာစကားကိုအထစ်အငေါ့မရှိ ပြောနိုင်နေပြီဖြစ်သည်။ လေသံဟာအင်္ဂလိပ်လေသံ အနည်းငယ်ပေါက်သော်လည်း သုံးလေးရက်အတွင်းတော်တော်တော့ တိုးတက်လာခဲ့ပါသည်။
နန်းစံကထိုလူကိုစိုက်ကြည့်နေရင်း ရှေ့ကိုတစ်လှမ်းလျှောက်လိုက်မိတာကြောင့် မြေပြင်ပေါ်ကကျောက်ခဲနှင့် ဒုတိယအကြိမ်ခလုတ်တိုက်မိပြန်ပါသည်။ ဒီတစ်ခါမှာတော့အားခနဲ မအော်လိုက်မိအောင် ကျိတ်မှိတ်တင်းခံရင်း နာကျင်မှုကိုတစ်ကိုယ်တည်းခံစားလိုက်သည်။ တော်ပါသေးရဲ့...အရှေ့ကလူကြီးနောက်လှည့်မကြည့်လို့ပေါ့...။ သူသာသိရင် စလို့နောက်လို့ဆုံးတော့မှာမဟုတ်ဘူး...။
လေပြင်းတစ်ချက်တိုးဝေ့တိုက်ခတ်သည့်အချိန် ခန္ဓာကိုယ်တစ်ခုလုံး သိမ့်ခနဲတုန်အောင် ချမ်းစိမ့်သွားသဖြင့် လက်နှစ်ဖက်ကိုအသာပွတ်ကာ ကမ်းစပ်နားကိုဆက်တိုးလာခဲ့သည်။
ကမ်းစပ်ကိုပဲ့တင်လာထပ်သည့် လှိုင်းခတ်သံများကိုနားထောင်ရင်း အသက်ကိုဝဝရှူသွင်းကာ ဟူးခနဲမှုတ်ထုတ်လိုက်သည်။ ပင်လယ်ပြင်ကတုန်ခါမှုစွမ်းအင်တွေ ခန္ဓာကိုယ်ထဲစီးဝင်လာသည်ဟု ခံစားမိသည့်အထိ လေရှူလေထုတ်လုပ်နေရင်း မနက်ဖြန်အိုက်စ်လန်ကနေ စွန့်ခွာရတော့မည်ကို တွေးမိလိုက်သည့်အခါ ရင်ဘတ်ထဲဟာလာဟင်းလင်းဖြစ်သွားရသည်။
ကမ္ဘာပေါ်မှာပျော်ရွှင်မှုအမြင့်မားဆုံး နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ ဒီနိုင်ငံဟာနန်းစံရဲ့စိတ်ကို ဆွဲဆောင်ထားနိုင်ခဲ့ပါသည်။ ဒီမှာရှိနေခဲ့တဲ့လေးရက်အတွင်း မေ့ပစ်သင့်သည့်အရာများကို မေ့သင့်သလောက်မေ့ထားနိုင်ခဲ့ပြီး အမြဲလိုလိုမလုံမခြုံအားငယ်နေတတ်သည့် စိတ်ကိုဖုံးကွယ်ထားသည့် မျက်နှာဖုံးတစ်ခုကိုလည်း ခွာဖယ်ထားပြီး ပျော်ရွှင်ခွင့်ရခဲ့သဖြင့် နှစ်ပေါင်းများစွာခါးစည်းခံလာရသည့် လေးလံပင်ပန်းမှုတွေကို ခဏတာဖြုတ်ချထားနိုင်ခဲ့ပါသည်။
နန်းစံရဲ့ဘေးမှာတိတ်ဆိတ်စွာ ရပ်တန့်ငေးမောလျက်ရှိသည့် Ryan ကိုမျက်လုံးထောင့်ကနေ မသိမသာကြည့်လိုက်မိရင်း သက်ပြင်းဖွဖွချလိုက်မိသည်။ ကောင်းကင်မှာတော့နေရောင်ခြည်များပျောက်ဆုံးလျက် အမှောင်ထုများအစားထိုးဝင်ရောက်လာပြီး ကောင်းကင်တွင်ကြယ်မှုန်များထင်း၍လာသည်။ ပြည့်ဝန်းဝိုင်းစက်လျက်ရှိသော ငွေရောင်လမင်းကြီးသည် တတ်စွမ်းသလောက် အလင်းတို့ပေးစွမ်းလျက်ရှိသည်။
နေမင်းကြီးသည်ကိုယ်တိုင်လောင်ကျွမ်းခံလျက် တောက်ပသောအလင်းတို့ကို ထုတ်လွှတ်ပေးနိုင်သော်လည်း ကိုယ်တိုင်လောင်မြိုက်မခံနိုင်သော လမင်းကြီးကတော့ နေလောက်မတောက်ပသော အလင်းမှိန်မှိန်ကိုသာ ဖြန့်ကျက်ပေးနိုင်ပေသည်။ သို့သော်လည်းညဘက်အခါမှာ ဘုရင်တစ်ဆူဖြစ်သည့် လမင်းကြီးသည် လောင်မြိုက်ခြင်းမရှိ၊ မြင်ရသူတိုင်းအေးချမ်းသောခံစားမှုကိုပေးနိုင်ပေသည်။
နန်းစံကတော့ ကိုယ်တိုင်လောင်ကျွမ်းခံကာ သူတကာထက်ပိုပြီး တောက်ပတဲ့အလင်းကို အလိုရှိသူမို့ အေးချမ်းဆိတ်ငြိမ်စွာ တည်ရှိနေသည့်ငွေရောင်လမင်းကြီးကို အားကျမိစမြဲ...။
"နန်းစံရဲ့ zodiac sign ကဘာလဲ..."
Ryan ဟာကြယ်မှုန်များထင်ရှားလာသည့် ကောင်းကင်ကြီးကိုမျက်တောင်မခတ် စိုက်ကြည့်ရင်းမေးခွန်းထုတ်သည်။
"Pisces မိန်ရာသီဖွား..."
"အာ...ဒါဆိုကံကောင်းတာဘဲ...၊ စက်တင်ဘာလကုန်ခါနီးဆိုရင် Pisces constellation တွေကိုမြင်ရတတ်တယ်၊ နေအုံး....၊ ကျွန်တော်ရှာပေးမယ်...။"
ထိူလူဟာ Astrophysicist ပီသစွာနဲ့ ကောင်းကင်ကတစ်ပုံစံထဲတူတဲ့ ကြယ်တွေကိုအာရုံစိုက်ကာကြည့်ရင်း အားသွန်ခွန်စိုက်လိုက်ရှာ၍နေသည်။
"တွေ့ပြီ....၊ ကျွန်တော့်နောက်ကလာရပ်ပြီး ကျွန်တော်ကြယ်တွေကို ဆက်ပြတဲ့ပုံကိုသေချာလိုက်ကြည့်နော်..."
နန်းစံကတော့ကိုယ့်ကံကြမ္မာကို ကြယ်တွေပေါ်ယုံကြည်ပြီး အပ်နှံတတ်တဲ့သူမဟုတ်ပေမယ့် Ryan ကအားတက်သရော ပြနေသဖြင့် သူ့နောက်မှာဝင်ရပ်ကာ နက်မှောင်သောကတ္တီပါစပေါ် သူ့လက်ညှိုးလေးလိုက်ရွေ့သည့်ပုံကို တစ်ချက်တော့စူးစိုက်ကြည့်လိုက်သည်။
ပထမအဝိုင်းပုံလေးဆွဲပြီး ငါးအမြီးလေးလို့အောက်ဖျားလေးတွန့်သွားတဲ့ ပုံစံလေးဆိုတာသိထားပေမယ့် ဒီလောက်များတဲ့ကြယ်တွေကြားမှာ ခွဲခွဲခြားခြားသိနိုင်ဖို့အတွက် သွယ်နန်းစံသည်ဉာဏ်မမှီခဲ့ပေ...။
"တွေ့လား....၊ ဒီလိုပုံလေးလေ......"
Ryan ကနောက်တစ်ခေါက် ထပ်ဆွဲပြသဖြင့် နန်းစံလည်းသေချာလိုက်ကြည့်လိုက်တော့ သိသလိုလိုတော့ရှိသွားသည်။
"အင်း...မြင်မိသလိုလိုပါဘဲ..."
မရေရာမသေချာတဲ့နန်းစံရဲ့လေသံကြောင့် Ryan ကမှုန်ကုပ်နေသည့် နန်းစံမျက်နှာကို ဖျတ်ခနဲလှမ်းကြည့်ကာ ပေါးပါးစွာရယ်လိုက်မိသည်။
"ဟုတ်သားဘဲ၊ ကျွန်တော်ပြချင်တာကများသွားတာ၊ scope မပါဘဲ naked eye နဲ့မြင်ဖို့ဆိုတာ နည်းနည်းတော့ခက်ခဲတယ်ဗျ...။"
ဒီရေဟာတဖြည်းဖြည်းမြင့်တက်လာသဖြင့် နန်းစံတို့ရပ်နေသည့်နေရာထိကိုပင် လှိုင်းလုံးများထိကပ်လာလေပြီဖြစ်ကာ အနောက်ကိုတစ်လှမ်းနှစ်လှမ်းဆုတ်ရင်း ရှောင်ရှားလိုက်သည်။
ရေခဲမှုန်များကပ်ပါလာသည့် လေတစ်ချက်တိုက်လေ အရိုးထဲထိစိမ့်အောင် အေးလေဖြစ်တာကြောင့် လက်နှစ်ဖက်ကိုပိုက်ကာ တင်းခံနေရသော်လည်း နန်းစံရဲ့ဘေးက နန်းစံလိုဘဲဆွယ်တာတစ်ထပ်သာဝတ်ထားသည့် Ryan ကတော့ အေးသည့်ပုံမပေါ်ပါ။ နက်ပြာရောင်ကောင်းကင်ပေါ်မှာ ဟိုတစ်စဒီတစ်စ ပြန့်ကျဲနေသည့်ကြယ်များကိုသာ စိတ်ရောက်နေသဖြင့် ဘေးပတ်ဝန်းကျင်မှာဘာတွေဖြစ်နေသလဲ ဆိုတာတောင် သိပုံမရတော့ချေ။
"ဒါဆိုအတောက်ပဆုံးကြယ်ကိုတော့ ထင်ထင်ရှားရှားမြင်ရမှာပါ၊ အဲ့ကြယ်ကို Sirius A လို့ခေါ်တယ်...၊ သူ့ရဲ့ဒြပ်ထုအဆက နေထက်နှစ်ဆပိုကြီးတဲ့အတွက် အကယ်၍ Sirius ကြယ်သာနေအနားမှာရှိရင် ပုံမှန်အလင်းထက်အဆနှစ်ဆယ်ပိုလင်းနိုင်တယ်တဲ့...."
ဒါကိုတော့နန်းစံနည်းနည်းစိတ်ဝင်စားသွားသဖြင့် တစ်ပုံစံတည်းတူနေသောကြယ်ကလေးများကို ခပ်တွေတွေစိုက်ကြည့်ရင်း ဘယ်ကြယ်ဟာပိုလင်းသလဲ ရှာနေမိသည်။
မှိတ်တုတ်မှိတ်တုတ်တောက်ပနေသည့် ကြယ်လေးများက လှပလွန်းသဖြင့် ဘာကိုမှမရှာဖွေဘဲ ဒီတိုင်းဘဲရပ်တန့်ငေးမောလိုက်ချင်တော့သည်။
"Sirius ကိုရှာချင်ရင် belt of Orion ဆိုတဲ့ သုံးလုံးတန်းနေတဲ့ကြယ်အစုကို အရင်ရှာရတယ်၊ မြန်မာလိုဆိုရင် မောင်ရင်ဆိုင်းထမ်းကြယ်လို့ဘဲခေါ်သလား မှတ်တော့မမှတ်မိတော့ဘူး...။"
"အော်....မောင်ရင်ဆိုင်းထမ်းကြယ်လား...၊ အဲ့တာဟိုမှာလေ...."
နန်းစံကပထမဆုံးရှာတွေ့သွားသဖြင့် ဝမ်းသာအားရလက်ညှိုးညွှန်ကာ ရှေ့ဆုံးကနေပြလိုက်သည်။
Ryan ကတော့နန်းစံရဲ့ စိတ်အားတက်ကြွမှုကို ခံစားမိသဖြင့် နှစ်ခြိုက်စွာပြုံးကာတစ်ချက်ကြည့်ပြီး သုံးလုံးတန်းနေသောကြယ်အစုကို ညွှန်ပြလျက်ရှိသော နန်းစံရဲ့လက်ညှိုးကို အောက်ဘက်ကိုနည်းနည်းနှိမ့်ကာ ချိန်ပေးလိုက်တော့ ထင်ထင်ရှားရှားတောက်လောင်နေသည့် ကြယ်တစ်ပွင့်ကိုမြင်ရတော့သည်။
မသိလိုက်ခင်မှာဘဲနန်းစံရဲ့မျက်လုံးတွေ လက်ခနဲအရောင်တောက်ကာ ပါးခွက်လေးတွေပေါ်အောင် ပြုံးလိုက်မိသည်။ သေချာကြည့်လျှင်ကောင်းကင်တွင်ပေါ်နေသော ကြယ်ပွင့်များထက် ထိုကြယ်သည်ပို၍တောက်ပလျက်ရှိသည်ကို ခံစားမိနိုင်ပေသည်။
"Sirius ကို Dog star လို့လဲခေါ်တယ်..၊ သူက Canis Major (The great dog) လို့အမည်ရတဲ့ ကြယ်စုထဲမှာရှိနေတဲ့အတွက်....။ နောက်ပြီး အီဂျစ်တွေကတော့ Nile Star လို့ခေါ်တယ်၊ ဘာလို့လဲဆိုတော့ နေမထွက်ခင်အရှေ့ကောင်းကင်မှာ Sirius ကြယ်ကိုအရင်မြင်ရပြီဆိုရင် နိုင်းမြစ်ကမြစ်ရေတွေမြင့်တက်လာပြီး ကုန်းမြေတွေကိုမြေဆီသြဇာကြွယ်ဝစေတယ်တဲ့....။"
ဒီတစ်ခါနန်းစံကိုလှည့်ကြည့်တော့ သူမပုံစံဟာအတော်ကို ချမ်းစိမ့်နေတဲ့ပုံပေါ်သဖြင့် Ryan ရဲ့စကားတွေကို အာရုံစိုက်မိပုံမပေါ်ပါ...။
ဒီအအေးဓာတ်ကRyan အတွက်ဘယ်လိုမှမနေပေမယ့် အပူပိုင်းဒေသကလာတဲ့ နန်းစံအတွက်ကတော့ သိပ်ကိုအေးနေရှာမှာပါဘဲ...။
"ခဏစောင့်...."
Ryan သည်ချက်ချင်းဘဲ ကားရပ်ထားတဲ့ဆီပြေးကာ ထွက်ခွာသွားတာမို့ နန်းစံတစ်ယောက်သာ လက်နှစ်ဖက်ကိုကွေးပိုက်လျက်ကျန်ခဲ့သည်။ အနားပတ်ဝန်းကျင်မှာတော့ nothern lights hunting လုပ်ဖို့ထွက်လာကြတဲ့ ခရီးသည်တွေနဲ့တဖြည်းဖြည်းစည်ကား၍လာသည်။
ဒီညရော nothern lights တွေကိုမြင်ခွင့်ရပါအုံးမလား...၊ ဒီတစ်ခါထွက်ခွာသွားပြီးရင် ဘယ်အချိန်ထပ်ပြန်ရောက်ပါအုံးမလဲ...။
ကောင်းကင်ယံတွင်တတ်စွမ်းသမျှ အတော်ပဆုံးထွန်းလင်းနေသည့် ကြယ်ကလေးများကို မော့ကြည့်ရင်း မွေးရပ်မြေကအိုးထိန်းကုန်းမှာ သူငယ်ချင်းသုံးယောက်ထိုင်ရင်း ကြယ်တွေကိုရေတွက်ခဲ့သည့် အချိန်များကိုပြန်ပြောင်းသတိရမိသည်။ ဖုန်တသောသောထတဲ့ မြေလမ်းကလေးတွေကို စက်ဘီးလေးတွေနင်းကာ ဖြတ်သွားခဲ့သည့်အချိန်လေးတွေ...၊ လက်ပံပင်ကြီးအောက်မှာ ကြွေကျလာတဲ့လက်ပံပွင့်တွေကို လိုက်ဖမ်းတမ်းကစားခဲ့သည့် အချိန်လေးတွေကိုပါ အောက်မေ့သတိရမိသည်။
နန်းစံသိပ်ချစ်ရတဲ့မွေးရပ်မြေကို သတိရရုံကလွဲရင် မပြန်ဖြစ်ခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပါပြီလဲ...။
အဝင်ဝမှာရပ်လိုက်တာနဲ့ သနပ်ခါးပန်းအနံ့လေတွေထုံကြိုင်နေအောင် မွှေးတဲ့အိုဟောင်းတဲ့ပျဉ်ထောင်အိမ်ကြီးကလွဲရင် ဘယ်အိမ်ကိုရောက်ရောက် ကိုယ့်အိမ်လို့မခံစားခဲ့ရတာအမှန်ပါ..။
ဒီတစ်ခါတော့အိမ်ကိုအရောက်ပြန်အုံးမည်ဟု အားခဲရင်းတေးထားလိုက်သည်။
ခြေသံဖွဖွကြားလို့ နောက်လှည့်ကြည့်လိုက်သည့်အချိန် အနက်ရောင်အနွေးထည်ထူထူကို ကိုင်ကာလျှောက်လာသည့် Ryan ကိုလှမ်းမြင်ရသည်။ ဟုတ်သား...၊ နန်းစံရဲ့အနွေးထည်ကဟိုတယ်မှာကျန်နေခဲ့သည်ကိုး..။
လေကြမ်းတွေတိုက်ခတ်လာသည့်အတွက် နန်းစံရဲ့ဂုတ်ထောက်လောက်သည်ထိသာ ရှည်သောဆံပင်များက လွင့်ဖွာသွားသည်။ လေထဲမှာဝဲလွင့်နေသော ဆံချည်မျှင်များကိုတစ်ချက်ငေးကာ ဆံပင်တွေရှည်နေပြီဘဲဟု တွေးလိုက်မိသည်။ တစ်ချိန်ကမြတ်မြတ်နိုးနိုး ခါးထိရောက်အောင် အရှည်ထားခဲ့သည့် ထိုဆံံပင်တွေကိုအခုတော့ အရှည်ကိုမခံတော့ဘဲ ညှပ်ညှပ်ပစ်နေမိခဲ့သည်ပင်။
"ခင်ဗျားရဲ့အနွေးထည်ကကျန်ခဲ့တယ်ထင်တယ်၊ လောလောဆယ်တော့ ကျွန်တော့်အနွေးထည်ဝတ်ထားလိုက်...။
Ryan ကပြောပြောဆိုဆိုပင် အနက်ရောက်အနွေးထည်ထူထူကို ပခုံးပေါ်လွှားပေးလိုက်တာမို့ ငြင်းဆိုချိန်တောင်မရလိုက်...။ တကယ်ကိုချမ်းနေတာမို့ ငြင်းဆိုမနေတော့ဘဲ လွှားထားတဲ့အနွေးထည်ကို ဝတ်ဆင်ဖို့ရာခေါင်းတစ်ချက် ငုံ့လိုက်မိတော့မှ လည်ပင်းကဆွဲကြိုးလေးမရှိတော့တာကို သတိထားမိသွားသည်။ နန်းစံချက်ချင်းဘဲထူပူကာ ခေါင်းတစ်ခုလုံးအုံခဲသွားသည်။ နန်းစံပိုင်ဆိုင်သမျှထဲမှ တန်ဖိုးအထားဆုံးအရာတစ်ခု...၊ အကယ်၍များပြန်ရှာမတွေ့ခဲံရင်ဆိုတဲ့ အတွေးကြောင့် သွေးရူးသွေးတန်းလိုက်ရှာရတော့သည်။
"မရှိတော့ဘူး....၊ မရှိတော့ဘူး....၊"
"ဘာပျောက်သွားလို့လဲ...၊"
"ဆွဲကြိုး...၊ ဆွဲကြိုးမရှိတော့ဘူး...."
ကံဟာဆိုးချင်တော့လည်း ညဘက်ရောက်နေသဖြင့် ပတ်ဝန်းကျင်ဟာမှောင်ပိန်းနေသည့်အပြင် သဲပြင်ဟာလည်းအမည်းရောင်မို့ ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်...၊
Ryan ဟာလည်း ပျာပျာယာယာနဲ့ဖုန်းမီးဖွင့်ကာ နှစ်ယောက်သားကုန်းကုန်းကွကွနှင့် လိုက်ရှာရပေတော့သည်။
"အကယ်၍ဒီမှာမရှိရင်တော့ ကားပေါ်မှာမဟုတ်ရင် church ထဲမှာရှိမှာပါ၊ အများကြီးစိတ်ပူမနေပါနဲ့..။
ကျွန်တော်ရအောင်ရှာပေးပါမယ်...."
အဟင်...၊ ကျွန်တော်ရအောင်ရှာပေးပါမယ်တဲ့...၊ ပုံမှန်ဆိုဒီလိုကတိတွေကို မယုံတတ်ပေမယ့် ဒီတစ်ခါမှာတော့ Ryan ရဲ့စကားက နန်းစံရဲ့မှေးမှိန်လာတဲ့မျှော်လင့်ချက်တွေကို အရောင်တောက်စေလျက် အားအင်တို့ဖြစ်စေခဲ့ပါသည်။
အချိန်တွေဘယ်လောက်ကုန်သွားသလဲမသိပါ၊ ဘေးပတ်ဝန်းကျင်ကခရီးသွားတွေဟာ အသည်းအသန်ရှာဖွေနေကြသော နန်းစံတို့ကိုတစ်ချက်တစ်ချက် လှည့်ကြည့်ရုံကလွဲရင် ဘာမှဝင်မစွက်ဖက်ခဲ့ပါ...။ နှစ်ယောက်လုံးခါးတွေညောင်းချိကာ ခြေကုန်လက်ပန်းကျလာကြပေမယ့် လက်လျှော့ဖို့ကိုတော့ တစ်ယောက်မှမဟလာခဲ့...။
ငွေကြေးအားဖြင့်တန်ဖိုးဘယ်လောက်မှမများပေမယ့် တန်ဖိုးထားတဲ့လူတစ်ယောက်အတွက်တော့ သိပ်ကိုအဖိုးတန်လှတဲ့အရာတစ်ခုဖြစ်ကြောင်း Ryan လည်းသိနေခဲ့ပါသည်။
"ဘယ်သူမှတော့ယူသွားစရာ အကြောင်းမရှိပါဘူး...၊ မနက်မှလာရှာရင် ပိုပြီးအဆင်ပြေမယ်ထင်တယ်...၊"
Ryan ရဲ့စကားကြောင့် နန်းစံတစ်ကိုယ်လုံးတောင့်တင်းကာ မလှုပ်မယှက်ရပ်နေမိသည်။ မနက်ဖြန်....မနက်ဖြန်တဲ့...၊ မနက်ဖြန်ကျ နန်းစံဟာဒီမှာမှ ရှိမနေတော့ဘဲ...။
နန်းစံအသက်ကိုဝဝရှူကာ ဘာကြောင့်မှန်းမသိ ထိုစကားကိုပြောထွက်ဖို့ အတော်ကိုအားယူလိုက်ရသည်။
"မနက်ဖြန်ကျ....ကျွန်မပြန်တော့မှာ...."
ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားသည့် အချိန်ခဏမှာ အမျှင်အတန်းတို့ရစ်ပတ်သွယ်ယှက်နေသည့် အံ့အားသင့်နေသော မျက်ဝန်းတစ်စုံနှင့် မျက်နှာချင်းမဆိုင်မိအောင် မနည်းထိန်းထားရသည်။
အချိန်အတန်ကြာတဲ့အထိ Ryan ဆီကနေ စကားတစ်ခွန်းမှမလာဘဲ၊ နှစ်ယောက်လုံးမလှုပ်မယှက် ရပ်နေမိကြသည်။
"ဘာလို့ကျွန်တော့်ကိုကြိုမပြောခဲ့တာလဲ..."
လေသံဟာအေးစက်ခြောက်သွေ့လှသော်လည်း နူးနူးညံ့ညံ့ပင်...။
"မတိုက်ဆိုင်လိုက်လို့ပါ...၊"
"ဒါဆိုမနက်ဖြန်အထိ တိုက်ဆိုင်မှုမရှိသေးဘူးဆိုရင် ခင်ဗျားကကျွန်တော့်ကို ဘာမှမပြောဘဲဒီတိုင်းထွက်သွားမှာထင်တယ်....၊ ဟုတ်လား....မနန်းစံ..."
နန်းစံဘာမှပြန်မပြောနိုင်ဘဲ တစ်ဖက်ကိုမျက်နှာလွှဲလိုက်သည်။ ဟုတ်ပါရဲ့...၊ ဘာကြောင့်ပြောမထွက်ခဲ့တာပါလိမ့်...။ တစ်ခုခုကိုချန်ခဲ့ပြီးခွဲခွာရတဲ့ခံစားချက်မျိုးကို နောက်တစ်ကြိမ်ထပ်မကြုံချင်ခဲ့တာပါဘဲ..။ နှုတ်ဆက်ခွဲခွာတဲ့နေရာမှာ နန်းစံဟာသိပ်ကိုညံ့ဖျင်းခဲ့သည်။
"ကျွန်တော့်ကိုကြည့်ပါအုံး နန်းစံ....၊ ဒီတွေ့ဆုံမှုကိုတန်ဖိုးထားတယ်လို့ ကျွန်တော်ပြောခဲ့ပြီးပြီဘဲ...။
ကျွန်တော်ကဒီတိုင်းသွားရင်းလာရင်းတွေ့ခဲ့တဲ့ သူစိမ်းတစ်ယောက်သပ်သပ်ဘဲလား...၊"
သက်ပြင်းချသံသဲ့သဲ့အဆုံးမှာ နန်းစံသည်ရဲဝံ့စွာပြန်လည် စိုက်ကြည့်ရင်း နှုတ်ဆက်စကားဆိုလိုက်သည်။
"ဒီခရီးစဉ်မှာကျွန်မကိုကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ၊ "
"ဒီစကားကိုပြောဖို့စောပါသေးတယ်..."
Ryan ကမျက်နှာတစ်ချက်မပျက် နောက်လှည့်ကာထွက်ခွာသွားပြီး ပျောက်ဆုံးနေသောဆွဲကြိုးလေးကို မီးရောင်လေးထိုးလျက် ဆက်လက်လိုက်ရှာနေခဲ့သည်။
တဖြည်းဖြည်းလျှောက်သွားရင်း နန်းစံခလုတ်တိုက်ခဲ့တဲ့ ကျောက်တုံးနားထိခပ်ဝေးဝေးရောက်သွားသော်လည်း နန်းစံကတော့ဒီနားပတ်ဝန်းကျင်မှာသာ ကျန်ခဲ့သည်။
ခဏကြာတော့ လက်ထဲမှာတစ်ခုခုကိုဆုပ်ကိုင်လျက် နန်းစံရှိရာဆီသို့ပြန်လည် လျှောက်လှမ်းလာသော်လည်း မျက်နှာကတော့ပျော်နေသည့်ပုံမပေါ်ပါ..။
Ryan သည်နန်းစံရဲ့မျက်နှာချင်းဆိုင်မှာလာရပ်ပြီး တစ်ခုခုပြောမည်ကြံစဉ် အချိန်အတော်ကြာမျှော်နေခဲ့သော Aurora အလင်းတန်းများ စတင်ပေါ်ထွက်လာခဲ့ပါသည်။ နက်ပြာရောင်ကတ္ထီပါစပေါ် စိမ်းမြရောင်ပဝါပါးလေး လွှမ်းခြုံလိုက်သလို တောက်ပနေသောကြယ်တို့ကို အဖော်ပြုလျက် ကြည်လင်သောကောင်းကင်ယံတွင် လှုပ်ရှားသက်ဝင်လာခဲ့သည်။
နန်းစံရဲ့မျက်လုံးတို့သည် ထွက်ပေါ်လာသောအလင်းတန်းများဆီ တည့်တည့်မတ်မတ်ရောက်ရှိသွားပြီး သူမရဲ့ညိုလွင်သောမျက်လုံးထဲကနေ လှုပ်ရှားစီးဆင်းနေသော Aurora များကိုပြန်မြင်ရသည်။
စတွေ့တဲ့နေ့တုန်းကအတိုင်း သူမ,ပြုံးလိုက်သည်။ ထိုအပြုံးသည်ဘာဒဏ်ရာမှမရှိခဲ့တဲ့ ကလေးတစ်ယောက်လို ဖြူစင်လှတဲ့အပြုံးလေးတစ်ခုသက်သက်ပါ..။
ပင်လယ်ပြင်ဟာလှိုင်းခတ်သံတွေဟာ ဆူညံနေသော်လည်း ကောင်းကင်ပေါ်က ဥတ္တရရောင်ခြည်တန်းများကတော့ ဆိတ်ငြိမ်စွာကခုန်လျက်ရှိပါသည်။
ဘယ်ဆီဘယ်ဝယ်ကနေစတင်စီးဆင်းလာမှန်းမသိတဲ့ အစိမ်းနုရောင်မြစ်ချောင်းကလေးတစ်ခုလို တစ်ခါတစ်ခါခရမ်းရင့်များရောယှက်ပါလိုက်၊ အနီရောင်အစလေးလှမ်းမြင်ရလိုက်နှင့် ရင်အစုံကိုလှိုက်ဖိုအောင် ပြုစားလျက်ပင်ရှိသေးသည်...။
Ryan ရဲ့မျက်လုံးတွေကတော့ ညိုလွင်လွင်မျက်ဝန်းငယ်ထဲက Aurora အလင်းတန်းတွေဆီမှာပါဘဲ...။
နန်းစံရဲ့မျက်လုံးများကဖျတ်ခနဲ Ryan ဆီရောက်လာပြီး ဘာရယ်မဟုတ်စက္ကန့်ပိုင်းလောက်ကလေး တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်မိသည်။
ခုနတုန်းက Ryan မေးခဲ့တဲ့မေးခွန်းတွေရဲ့ အဖြေကိုမျက်ဝန်းတွေထဲကနေ ရှာတွေ့လိုက်သလိုခံစားရသည်။ သေချာပေါက်သူကျွန်တော့်ကိုလွမ်းနေဦးမှာပါ၊ ကျွန်တော်သူမကိုသတိရနေသလိုမျိုးပေါ့...။
ခုနကနန်းစံခလုတ်တိုက်ခဲ့သည့်နေရာမှာ ပြန်ရှာတွေ့ခဲ့သည့် ခရမ်းရောင်ရင့်ရင့်ကျောက်အဝိုင်းလေးကို ဘေးနားကနေစိန်ကလေးများစီကာ ရွှေဘောင်လေးကွပ်ထားသည့် ဆွဲကြိုးလေးကို နန်းစံရဲ့ရှေ့မှာဖြန့်ပြလိုက်သည်။
ထို့နောက်ထိုဆွဲကြိုးကိုကိုင်ကာ သူမရဲ့အနောက်ဘက်မှာသွားရပ်ပြီး ဆံစလေးများကိုသပ်ကာ ကိုယ်တိုင်ကိုယ်ကျ နုနယ်ဖြူဝင်းသောထိုလည်တိုင်လေးပေါ် Amethyst ဆွဲကြိုးလေးချိတ်ဆွဲပေးလိုက်သည်။
"ဘယ်လိုလုပ်မလဲ၊ နောက်တစ်ခါကျပျောက်ရင် ပြန်ရှာပေးမယ့်ကျွန်တော်မရှိဘူးရယ်...၊"
Ryan ကစနောက်သလို ရေရွတ်လိုက်ပေမယ့် တကယ်တမ်းတော့ နှစ်ယောက်စလုံးမရယ်မောဖြစ်ကြပါ။
Ryan ကနန်းစံရှေ့မှာပြန်ရပ်ပြီး ဒီတစ်ခါမှာတော့ အမှန်တကယ်နှုတ်ဆက်စကား ဆိုရပါတော့သည်။
"ကျွန်တော်တို့ရဲ့တွေ့ဆုံခြင်းက ဒါနောက်ဆုံးလို့မထင်ဘူး၊ နောက်တစ်ကြိမ်ပြန်လည်တွေ့ဆုံနိုင်အုံးမယ်လို့ ကျွန်တော်ယုံကြည်တယ်...။ ကြားထဲမှာတစ်လလည်းကြာနိုင်တယ်၊ တစ်နှစ်လည်းကြာနိုင်တယ်..၊ ဒါမှမဟုတ်..ဒီထက်အများကြီးလည်းပိုကြာနိုင်တယ်...၊ ကျွန်တော့်ရဲ့အိုက်စ်လန်ခရီးစဉ်လေးကို အဓိပ္ပာယ်ရှိအောင်ဖန်တီးပေးခဲ့လို့ ကျေးဇူးပါမနန်းစံ...၊"
Ryan ကလက်တစ်ဖက်ကို‌ရှေ့ထုတ်ကာ ကမ်းပေးရင်းကြည်လင်စွာပြုံးပြလေတော့ နန်းစံဟာလည်းနှစ်ခြိုက်စွာ ပြန်လည်ပြုံးပြပါသည်။
"ဒီကြားထဲမှာအများကြီးကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရှင်ပြောသလိုနောက်တစ်ကြိမ် ပြန်တွေ့ရင်ကျေးဇူးပြန်ဆပ်ပါမယ်..၊ ရေစက်ကလေးကနေ ရေအိုင်ကြီးဖြစ်လာဖို့ ဆုတောင်းပေးနေပါမယ်.."
နန်းစံကရှေ့တွင်ကမ်းထားသောလက်ကို ပြန်လည်ဖမ်းဆုပ်ကာ အသိအမှတ်ပြုလိုက်သည်။
ညကောင်းကင်ယံမှာတော့ Aurora Borealis တွေလွန့်လူးလှုပ်ခါနေဆဲ...၊ ကြယ်ရောင်တွေဟာလည်း တဖျတ်ဖျတ်တောက်ပနေဆဲ...၊ အရာအားလုံးဟာဆိတ်ငြိမ်လျက်ရှိသော်လည်း နှလုံးသားလေးနှစ်ခုကတော့ ပြိုင်တူလှုပ်ခတ်နေသည်ဟု မရေမရာခံစားမိလေသည်။
**************************

Runaway my Aurora:Where stories live. Discover now