Part 23(Unicode)

153 15 0
                                    

ကျွန်မရဲ့ဘဝမှာယောက်ျားတွေနဲ့ပတ်သတ်ရင် ကောင်းတဲ့မှတ်ဉာဏ်ဆိုတာမရှိခဲ့ဘူး၊ ဘဝကိုလေးပုံပုံတစ်ပုံဘဲရှင်သန်ရသေးပေမယ့် ကံကြမ္မာကစေခိုင်းတဲ့ပြကွက်တွေကို မျက်မြင်ခံစားခဲ့ရပြီးပြီမို့ လှိုင်းတို့၏ရိုက်ပုတ်ဒဏ်ကို ခံနိုင်ရည်ရှိခဲ့ပြီသောကျောက်‌ဆောင်ပမာ သန်မာရင့်ကျက်ခဲ့ရသည်။ လူတွေကိုလွယ်လွယ်မယုံဖို့၊ ငြီးငွေ့တတ်တဲ့ယောက်ျားတွေကို ဝေးဝေးကရှောင်ဖို့၊ ရမ္မက်စိတ်ပြင်းပြတဲ့ယောက်ျားတွေရဲ့ လှည့်ဖြားမှုမှာကျဆင်းမသွားစေဖို့...၊ လောကဓံရဲ့တက်ချိန်ကျချိန်တွေမှာ တစ်ကိုယ်တည်းဖြတ်သန်းခဲ့ရပြီးပြီ...၊

ဒါပေမဲ့ဘဝတစ်လျှောက်လုံးမှာ ဒီလောက်ထိယုတ်မာလှတဲ့ ယောက်ျားကိုတော့ ကျွန်မတစ်ခါမှမမြင်ခဲ့ဖူးပါ။ မိန်းမတွေရဲ့မာယာကြော့ကွင်းဆိုတာ အားမပြင်းတဲ့မုန်တိုင်းငယ်လေးတစ်ခုသက်သက်ပါ၊ ယောက်ျားတွေရဲ့လှည့်ဖြားမှုကတော့ ဘဝတစ်ခုလုံးရက်ရက်စက်စက်တုန်ခါသွားအောင် မွှေနောက်ပစ်နိုင်တဲ့ အားပြင်းတဲ့မုန်တိုင်းကြီးတစ်ခု...။

ဖက်ပေါ်ဆူးကျလည်းဖက်ပေါက်၊ ဆူးပေါ်ဖက်ကျလည်းဖက်ပေါက်တဲ့...၊ ရှေးခေတ်ကလူကြီးတွေဟာ တော်ရုံအတွေ့အကြုံမျိုးနဲ့ ဒီလိုဆိုရိုးစကားမျိုးကို ထွင်ခဲ့မှာတော့မဟုတ်လိမ့်ဘူး...။ ကိစ္စတစ်ခုခုဖြစ်လာခဲ့ပြီဆိုရင် ယောက်ျားသားတွေထက် မိန်းမသားတွေကပိုပြီး အနစ်နာရကြောင်းကိုတော့ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းဆုဝေသွန်းက သက်သေပြခဲ့ပါသည်။

*******************

တစ်နေ့...ဆုဝေဟာသွေးလေခြောက်ခြားသော မျက်နှာထားဖြင့်နန်းစံဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။

အိမ်မှာမမဝေမရှိသဖြင့် နန်းစံတစ်ယောက်သာ ကော်ဖီလေးဘာလေးဖော်တိုက် မုန့်လေးဘာလေးချပေးပြီး ဧည့်ခံခဲ့ပေမယ့် ဆုဝေရဲ့ပုံစံကတော့ ရိုးရိုးသားသားအိမ်လည်လာတဲ့ပုံမပေါ်ပါ...။

စကားတစ်ခုပြောထွက်ဖို့ကို အသက်ပေါင်းများစွာရှူရင်း အားယူနေရတာမို့ နန်းစံကလည်းစိတ်မရှည်ဖြစ်လာရသည်။

Runaway my Aurora:Where stories live. Discover now