Chapter 122
Sue Xing NwayApril 12, 2023
Chapter 122ကျိမြန်၏ မျက်နှာမှာလည်း ရုတ်ချည်းပင် မဲမှောင်သွားတော့သည်။ သူက ရှောင်ကျားရှုကို အားကုန်သုံးကာ ဆိုဖာပေါ် ဆွဲချလိုက်ပြီး ညာဘက်ခြေကျင်းဝတ်ကို ကိုင်လျက် ခြေအိတ်ကို အမြန်ဝတ်ပေးလိုက်သည်။ ရှောင်ကျားရှု၏ နူးညံ့လှသည့် အသားအရေကို လက်ဖဝါးတစ်ခုလုံးနှင့်အပြည့် ထိတွေ့လိုက်ရသည့်အခါ မရယ်ဘဲပင် မနေနိုင်တော့။
"အခုအချိန်အထိ အမွေးချွတ်နေတုန်းပဲလား မင်းခြေထောက်ကိုလည်း ကြည့်ပါဦး မသိတဲ့သူသာဆို အမျိုးသမီးစတားတစ်ယောက်ရဲ့ ခြေထောက်လို့ ထင်မှာပဲ ..."
"အမေပြောတာတော့ ချွတ်ထားတာ ပိုကောင်းတယ်တဲ့ ..."
ရှောင်ကျားရှုက ခေါင်းကို အသားကုန် ငုံ့ထားသည့်အတွက် နီရဲနေသည့် နားရွက်တစ်စုံကိုသာ မြင်နေရတော့သည်။
ကျိမြန်က ဖျတ်ခနဲ ပြုံးကာ ခြေအိတ်နောက်တစ်ဖက်ကို ဝတ်ပေးလျက် သက်ပြင်းချလိုက်သည်။
"မင်းခြေဖဝါးက အရည်ကြည်ဖုတွေ ပျောက်ကုန်ပြီပဲ Adventures in the wilderness ကို ရိုက်ဖို့ ပြန်လာဦးမှာလား ..."
ရှောင်ကျားရှုသာ ပြန်မလာပါလျှင် သူနှင့် အဆက်အသွယ်လုပ်နိုင်မည့် နည်းလမ်း တစ်ခုတစ်လေမှပင် ရှိနိုင်တော့မည် မဟုတ်ချေ။
"မလာတော့ဘူး အခု ဒီမှာ ရိုက်ကူးရေး လုပ်နေတာဆိုတော့ အချိန်ဇယား မကိုက်ဘဲ နေလိမ့်မယ် ..."
ရှောင်ကျားရှု၏ခေါင်းမှာ ပို၍ပင် ငုံ့သွားတော့သည်။ Adventures in the wilderness အကြောင်း စကားစပ်မိပါလျှင် လင်းလဲ့ယန်အကြောင်း အလိုလို တွေးမိလာသည့်အတွက် ချက်ခြင်းပင် ရုန်းကန်အားတို့ နိုးထလာကာ ကျိမြန်၏ ရင်ခွင်ထဲမှ ခြေထောက်ကို ဆွဲထုတ်လျက် ခပ်ဝေးဝေးသို့ သွားထိုင်လိုက်သည်။
သူ၏ ရှက်ရွံ့မှုကို သိုဝှက်ရန် အလို့ငှာ ပဝါအကြီးကြီးတစ်ထည်ကို ယူ၍ ဆံပင်များကို သုတ်နေလိုက်သည်။
ရင်ခွင်ထဲရှိ အလေးချိန် ရုတ်ချည်း ပျောက်ကွယ်သွားသည့်အတွက် ကျိမြန်၏ နှလုံးသားမှာလည်း လစ်ဟာသွားတော့သည်။ အစောပိုင်းက တည်ငြိမ်ပျော်ရွှင်ခဲ့ရသော်ငြား ယခုမူ ကသိကအောက်ဖြင့် စိတ်ဖိစီးလာရတော့သည်။ သို့သော် ထိုခံစားချက်များကို ရှောင်ကျားရှု၏ ရှေ့၌ ထုတ်ပြ၍ မရသည့်အတွက် ပဝါကို ဆွဲယူကာ ခပ်ပြုံးပြုံးဖြင့်သာ သူ့ဆံပင်များကို ကူသုတ်ပေးလိုက်ရတော့သည်။