Chapter 124
Sue Xing NwayApril 12, 2023
Chapter 124ရှောင်ကျားရှု စာပို့လိုက်သည့် အချိန်တွင် ကျိမြန်သည် အစည်းအဝေးတစ်ခု ကျင်းပနေဆဲဖြစ်သည်။ လူသစ်များက သူတို့အတွက် တိုးတက်မှု အစီအစဉ်တစ်ခု ဆွဲပေးရန် သူ့ကို စောင့်ဆိုင်းနေကြပြီး လင်းလဲ့ယန်ကလည်း စာချုပ်ပြောင်းလဲရန် အလို့ငှာ ကုမ္ပဏီသို့ ရောက်လာသည်။ Aအဆင့် စာချုပ်ကို လက်လျော့၍ လူသစ်တစ်ဦးအဖြစ် အမှန်တကယ် ပြန်လည်စတင်ရန် အဆင်သင့်ဖြစ်နေပုံပင်။ ဤသို့ ဆုံးဖြတ်ရန်မှာ သူ့အဖို့ လွန်စွာ ခဲယဉ်းသည့်တိုင် မရှိမဖြစ် လိုအပ်နေပေသည်။
"အရင်ဆုံး မင်းတို့ရဲ့ အေးဂျင့်တွေနဲ့ ပြန်ဆွေးနွေးပြီး ငါ့အတွက် အစီအစဉ်တစ်ခု ပြင်ဆင်လာခဲ့ပေး ..."
ကျိမြန်က လူသစ်အမြောက်အများကို ပြောလိုက်သည်။
"အခုခေတ်မှာ စတားတွေကလည်း အပေါ်ယံ သရုပ်သကန်တွေ ချပြလာကြတယ် ဒါပေမယ့် တစ်ခုတော့ ကြိုသတိပေးထားမယ် ဘယ်လို သရုပ်သကန်မျိုးကိုပဲ သုံးသုံး တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ ဖြစ်နေပါစေ မင်းတို့လက်နဲ့ ကိုယ်တိုင် ဖျက်ဆီးပစ်မယ့် အနေအထားအထိ မရောက်စေနဲ့ အဆိုတော်ဖြစ်ချင်တဲ့သူက သီချင်းကောင်းကောင်းဆို သရုပ်ဆောင်ဖြစ်ချင်တဲ့သူက ကောင်းကောင်း သရုပ်ဆောင် မင်းတို့ကိုယ်မင်းတို့ အားလုံး ပြီးပြည့်စုံပါတယ်ဆိုတဲ့ ပုံရိပ်မျိုး မလုပ်မိစေနဲ့ အဲဒါက ထောင်ချောက်ပဲ ..."
အားလုံး သဘောတူလိုက်ကြကာ အေးဂျင့်များနှင့်အတူ တစ်ဖြည်းဖြည်း ပြန်ထွက်သွားလိုက်ကြတော့သည်။
ထို့နောက်တွင်မှ သူက အချိန်အတော်ကြာ စောင့်ဆိုင်းနေသော လင်းလဲ့ယန်ကို လှည့်ကြည့်လိုက်သည်။
"မင်း လက်မှတ်ထိုးထားတဲ့ စာချုပ်က လေးနှစ်နေမှ သက်တမ်းပြည့်မှာ အဲဒါကြောင့် ကုမ္ပဏီက ဘာမှ ပြောင်းလဲမပေးနိုင်ဘူး ..."
"ကျိ ... ကျုံ ..."
လင်းလဲ့ယန်က ချက်ခြင်းပင် အခေါ်အဝေါ်ကို ပြောင်းလဲလိုက်သည်။
"ကျွန်တော် အကျိုးအမြတ်တွေ၊ အခွင့်အရေးတွေ အားလုံးကို လက်လွှတ်ပြီး အစကနေ ပြန်စဖို့ ဆန္ဒရှိပါတယ် ကျေးဇူးပြုပြီး အခွင့်အရေးလေး တစ်ခုလောက် ထပ်ပေးပေးပါ ကျွန်တော့်ကိုယ်ပိုင် အစွမ်းအစနဲ့ဆို လက်ထဲကို A အဆင့် စာချုပ် ထည့်ပေးရင်တောင် ဘာမှ မတတ်နိုင်ဘူးဆိုတာ အခုမှ နားလည်သွားတာပါ ကျိကျုံကမှ ကျွန်တော့်ကို နောက်ကွယ်ကနေ ကူညီပေးခဲ့တဲ့သူပါ ..."