Chapter 155
Sue Xing NwayApril 22, 2023
Chapter 155အချစ်ဟူသည့် အရာမှာ အင်မတန် ပဉ္စလက်ဆန်လွန်းလှ၏။ ပျင်းရိဖွယ် နေ့စဉ်ဘဝကို ရသစုံလင်အောင် ပြောင်းလဲနိုင်ကာ မနှစ်မြို့ခဲ့သည့် အရာတို့ကိုလည်း စိတ်ဝင်စားဖွယ် ဖြစ်စေနိုင်သည်။ ရှောင်ကျားရှုကြောင့် သူ့ဘဝတစ်ခုလုံး မဟာပထဝီမြေကြီး တုန်ဟီးရသည်အထိ အပြောင်းလဲကြီး ပြောင်းလဲသွားကြောင်း သိထားသည့်တိုင် ထိုပြောင်းလဲမှုမှာ ကောင်းမွန်လှသည့် ချိုမြိန်ခြင်းတို့ဖြင့် ပြည့်နှက်နေပေသည်။
ထို့ကြောင့် ရှောင်ကျားရှုကို လိုက်ပို့ပြီးသည်နှင့် တစ်ပြိုင်နက် ချက်ခြင်းလက်ငင်းပင် အထီးကျန်မှုကို ခံစားလိုက်ရတော့သည်။ ယာဉ်မောင်းသူခုံတွင် အချိန်ကြာမြင့်စွာ ထိုင်နေခဲ့သည့်တိုင် ဘာဆက်လုပ်၍ လုပ်ရမည်မှန်း မသိတော့။ ဆယ်မိနစ်ခန့် ငေးငိုင်နေပြီးကာမှ အသစ်စက်စက် ပြန်လည်ပြင်ဆင်ထားသော တိုက်ခန်းရှိရာသို့ ထွက်လာခဲ့လိုက်တော့သည်။ ရှောင်ကျားရှု ပြောင်းမလာသေးသရွေ့ ၎င်းမှာ အိမ်မဟုတ်၊ နေထိုင်ရာ တိုက်ခန်းမျှသာ ဖြစ်ပေသည်။
မူလက မြို့အပြင်ရှိ ဗီလာတစ်လုံးတွင် နေထိုင်ရန် ပြင်ဆင်ခဲ့သော်ငြား ရှောင်ကျားရှုက သဘောမတူ။ ဗီလာမှာ တစ်ယောက်၏ တည်ရှိမှုကို ကျန်တစ်ယောက်က မခံစားမိလောက်အောင် ကြီးမားကျယ်ပြန့်လွန်းသည်ဟု သူက ပြောလာခဲ့ပေသည်။ အကယ်၍ တစ်ယောက်က အောက်ထပ်ရှိ ဧည့်ခန်းတွင် တီဗီကြည့်နေပြီး ကျန်တစ်ယောက်က အပေါ်ထပ်တွင် အလုပ်လုပ်နေပါလျှင် ၎င်းမှာ တစ်ယောက်တည်းနေနေရသည့်နှယ် လွန်စွာ အထီးကျန်လှပေသည်။ တိုက်ခန်းခပ်သေးသေးတွင် နေရလျှင်မူ ထိုသို့မဟုတ်၊ အခန်းတစ်ခုစီခွဲကာ အလုပ်များနေသည့်တိုင် တစ်ယောက်အသံကို ကျန်တစ်ယောက်က ကြားနေရကာ အသံပေးလိုက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း ဘေးနားရောက်လာပြီး ပွေ့ဖက်နမ်းရှိုက်နိုင်ပေသည်။
ဒါ ဘယ်လောက်တောင် ကောင်းလိုက်သလဲ ...
ကျိမြန်က ထိုစကားကို ကြားကာစက ရယ်ရုံသာ ရယ်ခဲ့ပြီး ရှောင်ကျားရှုမှာ ချစ်စရာကောင်းလောက်အောင်ကို လူကပ်လွန်းသည်ဟုသာ ထင်ခဲ့သော်ငြား တိုက်ခန်းသို့ ပြန်ရောက်၍ အထီးကျန်ဆန်မှုကို မျက်မြင် ကြုံလိုက်ရကာမှသာ ထိုစကားတို့၏ အဓိပ္ပါယ်ကို သဘောပေါက်သွားတော့သည်။ အိမ်တွင်းစီးဖိနပ်တို့ကို လဲကာ ဧည့်ခန်းထဲသို့ လေးတိလေးကန် ဝင်လာရင်း နူးညံ့လှသည့် ဆိုဖာတွင်ထိုင်ကာ အတွင်းအိတ်ကပ်ထဲ လက်ထည့်ထားလိုက်သည်။ ထိုအခါမှ သူ ဆေးလိပ်မသောက်ဖြစ်တော့သည်မှာ လွန်စွာ ကြာမြင့်၍ အိတ်ထဲတွင် ဆေးလိပ်တစ်လိပ်မှပင် မရှိတော့ကြောင်း သဘောပေါက်သွားတော့သည်။