Chapter 164
Sue Xing NwayApril 25, 2023
Chapter 164ရွက်လှေနှင့် ရောက်လာသည်ကို မဆိုထားနှင့်၊ ရှောင်ကျားရှု၏ ရုတ်တရက် ထွက်ပေါ်လာခြင်းကပင်လျှင် လူတိုင်းအဖို့ surprise ဖြစ်နှင့်နေပြီဖြစ်သည်။ မည်သူမဆို ရွက်လှေကိုသုံးကာ ပင်လယ်စာ အရှာထွက်နိုင်ပေသည်။ တစ်နေကုန် အသီးအနှံများသာ စားခဲ့ရပြီးနောက် လူတိုင်း မျက်လုံးများပင် စိမ်းဖန့်နေသည်အထိ ဆာလောင်လာကြတော့သည်။
ရွက်လှေက ကမ်းစပ်နှင့် မနီးမဝေး တစ်နေရာတွင် ရပ်တန့်သွားကာ ရိုက်ကူးရေးအဖွဲ့က ရှောင်ကျားရှု ကိုယ်တိုင် လှော်ခတ်နိုင်ရန် လှေငယ်တစ်စင်းကို ချပေးလိုက်သည်။ သို့သော် ရှောင်ကျားရှုမှာ တစ်ကြိမ်တစ်ခါမှ လှေလှော်ဖူးခြင်း မရှိသည့်အတွက် ဦးတည်ရာကို မထိန်းချုပ်နိုင်၊ ကြာမြင့်စွာ လှော်ခတ်နေသည့်တိုင် ထိုနေရာတွင်သာ တဝဲလည်လည် ဖြစ်နေရာ သူ့ကို စောင့်ကြည့်နေသူများမှာ ရယ်ရလွန်း၍ သေလုမတတ်ပင် ဖြစ်လာကြတော့သည်။
ကျိမြန်က ခေါင်းကိုယမ်းကာ ရယ်မောလိုက်သည်။ သူ့မျက်နှာမှာ အလိုလိုက်လိုသည့် အရိပ်အယောင်တို့ အပြည့်ပင်။
ရှောင်ကျားရှု၏လှေ မှောက်တော့မည်ကို မြင်လိုက်ရသည့်အခါ သူက လှမ်းအော်ပြောလိုက်သည်။
"ရေထဲ မဆင်းနဲ့ ကိုယ် ရေကူးပြီး လာခေါ်ပေးမယ် ကြားရဲ့လား ..."
"ဟုတ်ကဲ့ ..."
ရှောင်ကျားရှုက လှော်တက်ကို အောက်ချကာ အော်ပြောလိုက်သည်။
"ကျိကော ဂရုစိုက်နော် ..."
ရေထဲတွင် ရုတ်တရက် ရေခူများ၊ ငါးမန်းများ ထွက်ပေါ်လာမည်ကို စိုးရိမ်စိတ်ကြောင့် ကျိမြန်ကိုသာ ပူပန်တကြီး ကြည့်နေလိုက်သည်။ သို့သော် မည်သည့် ထိခိုက်မှုမှ မဖြစ်၍ တော်သေးသည်။ ကျိမြန်က လှေငယ်အနီးသို့ ရောက်လာကာ အချိန်ကြာမြင့်စွာ ခွဲခွါခဲ့ရသည့် ချစ်သူလေးကို ရင်ခွင်ထဲ ဆွဲထည့်ပြီး နောက်ကျောကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ရှောင်ကျားရှုကလည်း ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့ခါးကို ပြန်ဖက်ပြီး နားနားကပ်ကာ တီးတိုးပြောလိုက်သည်။