Chapter 131
Sue Xing NwayApril 15, 2023
Chapter 131နောက်ဆုံးတွင်တော့ ရှောင်ကျားရှု၏ ပြင်သစ်အနမ်းအချို့ ခိုးယူလိုသောဆန္ဒ ပြည့်ဝသွားကာ လေပြတ်လပ်၍ မူးမေ့လဲလုမတတ် ဖြစ်သွားတော့သည်။
ကျိကောရဲ့ နမ်းတဲ့ နည်းစနစ်က တကယ်ကို ပုံကြီးချဲ့ထားတာ မဟုတ်ဘူးပဲ နူးညံ့နေတဲ့ လျာက ငါ့လျာကို ရစ်ပတ်နေတာ သူ့ရဲ့ ထူးခြားတဲ့ ရနံ့တွေ လွှမ်းနေတဲ့ ခံတွင်းရည်ကို ငါ့ပါးစပ်ထဲ ထည့်ပြီး ငါ့ခံတွင်းရည်တွေကိုလည်း နည်းနည်းစီ ပြန်စုပ်ယူသွားတာ ... အနမ်းကလည်း လူလိုပဲ တစ်ခါတစ်လေမှာ နူးညံ့ပြီး မခွဲခွါချင်စရာ တစ်ခါတစ်လေမှာ အရိုင်းဆန်ပြီး လွှမ်းမိုးချင်စိတ်တွေ အပြည့်နဲ့ ဘယ်လိုမှကို ငြင်းရက်စရာ မရှိဘူး ...
ဖြစ်နိုင်ပါလျှင် ရှောင်ကျားရှုသည် ကျိမြန်ကို ကမ္ဘာပျက်သုဉ်းသွားသည်အထိ ဤသို့ နမ်းရှိုက်လိုပေသည်။ သူ့ဦးနှောက်မှာ အောက်စီဂျင် ပြတ်တောက်သွားသော်ငြား နှလုံးသားမှာမူ မီးရှူးမီးပန်းတို့ ပစ်ဖောက်ထားသည့်နှယ်။
"ပျော်ရွှင်မှုတွေ ပေါက်ကွဲထွက်လာတယ်" ဆိုတဲ့ Expression မျိုး ရှိနေတာ မထူးဆန်းတော့ပါဘူး ကြည့်ရတာ ဒါကို တီထွင်ခဲ့တဲ့လူကလည်း ဒါမျိုး ခံစားဖူးတယ်ထင်တယ် ...
သူ့စိတ်ထဲမှ ပီတိ၊ ချစ်စိတ်နှင့် ခံစားချက်အားလုံးမှာ ကျိမြန်၏ စိတ်ထဲသို့ပါ ကူးစက်လာရာ သူ့ကို ပို၍ပင် နက်ရှိုင်းစွာ နမ်းရှိုက်လိုက်မိတော့သည်။ ကြောက်မက်ဖွယ် လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားမိသည့်တိုင် ယခုလက်ရှိ ဆုံးဖြတ်ချက်မှာ မမှားကြောင်း သိနေပေသည်။ ရှောင်ကျားရှုမှာ လွန်စွာ ထိုက်တန်လှရာ သူ့အနေဖြင့် အနည်းဆုံး တစ်ကြိမ် ကြိုးစားကြည့်သင့်ပေသည်။
နောက်ထပ်ဆယ်မိနစ် ကြာပြီးသည့်နောက်တွင်တော့ ကျောက်ချွမ်က တံခါးကို တွန်းဖွင့်ကာ နှိုးဆော်လိုက်တော့သည်။
"မင်းတို့နှစ်ယောက် မပြီးသေးဘူးလား နောက်ထပ်တစ်ခန်း ရိုက်စရာရှိသေးတယ်ကွ ..."
ရိုက်ကူးရေးဟူသည့် အသံကို ကြားလိုက်ကာမှ အချစ်နွံထဲ နစ်မြောနေသော ရှောင်ကျားရှုလည်း အသိစိတ် ပြန်ဝင်လာကာ ကျိမြန်ကို တွန်းထုတ်လိုက်မိ၏။ တစ်ဖန် သူ့ကို ပြန်ဆွဲဖက်လိုက်ပြန်သည်။ ဤသို့ ဆွဲလိုက်ရုန်းလိုက် အခြေအနေကြောင့် ကျိမြန်မှာ ဟန်မဆောင်နိုင်လောက်အောက်ပင် ခပ်ဖွဖွ ရယ်မောမိကာ သူ့နှုတ်ခမ်းကို တစ်ဖန် ငုံ့နမ်းလိုက်ပြီးကာမှ ဆွဲထူလိုက်၏။ နှစ်ဦးလုံးမှာ မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေကြခြင်းဖြစ်ရာ တစ်ကိုယ်လုံး ဖုန်များဖြင့် ပေရေညစ်ပတ်နေတော့သည်။ အထူးသဖြင့် ကျိမြန်၏ ဈေးကြီးပေးဝယ်ထားရသော အနောက်တိုင်းဝတ်စုံမှာ ဒူးနေရာ နှစ်ဖက်လုံး ဖုန်မှုန့်များ ပေကျံနေကာ ပြောင်စင်အောင်ပင် ခါထုတ်၍ မရတော့။ လုံးဝ ပျက်စီးသွားပေတော့သည်။