Chapter ● 5 ●
ရွှီတင်း၏ ဤတိုက်ခန်းထဲတွင် ဆိုဖာမှာ သက်သောင့်သက်သာအရှိဆုံးနေရာ ဖြစ်လိမ့်မည်။ ချန်ခေါ့သည် ဆိုဖာပေါ်တွင် ရက်အနည်းငယ်ခန့် အိပ်စက်ခဲ့ရာ အိမ်တွင်နေရသည်ထက် စိတ်အေးလက်အေးရှိလှသည်ဟုပင် ခံစားမိသေးသည်။
အိမ်တွင် နေထိုင်နေခြင်း မဟုတ်သောကြောင့်လည်း ဖြစ်ချင်ဖြစ်လိမ့်မည်။ မည်သို့ဆိုစေ ပြီးခဲ့သည့်ရက်တုန်းက သူ McDonald's ဆိုင်၏ စားပွဲပေါ် မှောက်အိပ်ခဲ့ရာတွင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သေးသည်။
သူသည် ဆိုဖာပေါ် ထိုင်နေရင်း မျက်နှာကို ပွတ်သပ်လိုက်ကာ အိပ်ခန်းဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်သည်။ ခုတင်ပေါ်တွင် လူမရှိတော့ကြောင်း တွေ့ရပြီး ရွှီတင်း၏ခရီးဆောင်အိတ်လည်း မရှိတော့ပေ။
"ရွှီတင်း"
သူ အော်ခေါ်လိုက်သည်။
တိုက်ခန်းထဲတွင် ရွှီတင်းမရှိတော့ကြောင်း သေချာသွားပြီးနောက် သူသည် မတ်တတ်ရပ်ကာ ခါးဆန့် အကြောဖြေလိုက်ပြီး ရေချိုးခန်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်ဝင်သွားသည်။
ရေချိုးခန်းထဲတွင် ယခင်က ဘာပစ္စည်းမျှ မရှိချေ။ ဤတိုက်ခန်းတွင် နေထိုင်သူလည်း မရှိနေသည် မဟုတ်ပါလား။ ပုံမှန်အားဖြင့် အချိန်ပိုင်းအလုပ်သမားက သတ်မှတ်ချိန်တွင် လာရောက် သိမ်းဆည်းသန့်ရှင်းတာလောက်သာ ရှိသည်။ သို့သည့်တိုင် ချန်ခေါ့ဝယ်လာသည့် ပစ္စည်းများကလည်း အမှန်တကယ်ကို မဆိုစလောက်လေး များပြားသွားခဲ့သည်။
သူသည် နေ့စဉ်သုံးပစ္စည်းအသုံးအဆောင်များကို ဝယ်လေ့မရှိပေ။ ပုံမှန်ဆိုလျှင် သုံး၍ကုန်သွားသည့် ပစ္စည်းများကို သူ့အမေကပဲ အိမ်အကူများကို လဲခိုင်းလေ့ရှိသည်။ ဘာပစ္စည်း သုံးသည်၊ ဘာပစ္စည်း လဲလှယ်သည် အစရှိသည်တို့ကို သူ တစ်ခုမျှ မသိပေ။ အသုံးပြုသည့်ခံစားချက်ကလည်း ဘာကွာခြားချက်မျှ မရှိချေ။
ယခုတစ်ခေါက်တွင် သူ့ဘာသာသူ စူပါမားကက် သွားရသောအခါ ဘူးကြီးများသာ ရွေးခဲ့သည်။ ထို့ပြင် အမျိုးမျိုးသော သိုလှောင်ကုန်ပစ္စည်းများ။ ကြည့်လိုက်လျှင် ပို၍ စျေးတန်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe