Chapter ● 18 ●
ယခုလက်ရှိတွင် အရှိန်လျော့သွားသော်လည်း လွန်ခဲ့သော မိနစ် ၂၀ ခန့်ကအထိ တင်းမာလွန်းသေးသော နှစ်ယောက်ကြားမှ လေထုအခြေအနေကို ထည့်တွက်စဉ်းစားလျှင် ချန်ခေါ့သည် မိမိ၏စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုကို အထူးတလည်ထုတ်ပြလိုစိတ်မရှိနေပါ။ တစ်ဖက်သားကျေနပ်အောင် မျက်နှာလုပ်နေသလို ဖြစ်နေပြီး အလွန်စဉ်းစားဉာဏ်မရှိသော ပေါကြောင်ကြောင်ပုံစံပေါက်သည်။
သို့သော် ချန်ခေါ့သည် ထိုင်ခုံပေါ်တွင် ထိုင်ရင်း အနည်းဆုံး နှစ်မိနစ်ခန့် ကြည့်နေလိုက်သည်။ ကျန်းယွီသော်သည် ထိုပုံစံအတိုင်း မပြောင်းမလဲရှိနေသည်။ ကိုယ်ကိုစောင်းထားကာ ရေဘုံဘိုင်အောက်တွင် ရေဆေးချနေသောလက်မောင်းကို ခေါင်းငုံ့ကြည့်နေသည်။
လက်မောင်းကလည်း တုန်ယင်နေဆဲဖြစ်သည်။ တကယ်တမ်းပြောရလျှင် ဒဏ်ရာမှာ အလျားတော်တော်ရှည်သည်။ သို့သော် သိပ်နက်ပုံမရ။ ကျန်းယွီသော်ကဲ့သို့ ဒဏ်ရာရနေကျ ပညာရှင်တစ်ယောက်အတွက်မူ တုန်ယင်ရသည်အထိ နာကျင်လောက်မည့် ဒဏ်ရာဟုတ်ပုံမပေါ်ပါ။
ထိုသို့ဆိုလျှင် အေးစိမ့်သော ရာသီဥတုကြောင့်သာ ဖြစ်လိမ့်မည်။
ဤရာသီဥတုအတိုင်းဆိုပါက ညနက်လျှင် နှင်းကျလောက်မည်။ ထို့ပြင် ကျန်းယွီသော်၏ ဤကဲ့သို့ ရေအေးနှင့် ဆေးချနေပုံနှင့် ... ...။ ခိုက်ခိုက်တုန်အောင် အေးနေလျှင် ရေမဆေးတော့ဘဲ ရပ်လိုက်၍ မရဘူးလား....။
မြောင်က ဆိုဖာပေါ်မှ ခုန်ချလာသည်။ ချန်ခေါ့၏ ခြေထောက်အနားမှ ဖြတ်သွားပြီး မီးဖိုချောင်ဘက်သို့ ဦးတည်သွားသည်။ အမြီးကတောင် ချန်ခေါ့၏ ခြေမျက်စိနှင့် ပွတ်တိုက်သွားသေးသည်။
ချန်ခေါ့သည် တိတ်ဆိတ်မှုကို ဖြိုခွဲရန် အကြောင်းရသွားပုံနှင့် မီးဖိုချောင်ဘက်သို့ လှမ်းပြောလိုက်သည်။
"မြောင်ဗိုက်ဆာနေပြီ ထင်တယ်"
မြောင်က ပူးပေါင်းပါဝင်စိတ်အပြည့်နှင့် မီးဖိုချောင်တံခါးဘောင်ကို ပွတ်သပ်ရင်း တစ်ချက်အော်လိုက်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe