အခန်း - ၅၉

895 112 2
                                    

Chapter ● 59 ●

ဤညလယ်စာစားချိန်သည် ပုံမှန်စားနေကျအချိန်နှင့်ယှဉ်လျှင် အများကြီးပိုနောက်ကျသည်။ ယခင်ကအတိုင်းဆိုလျှင် ကျန်းယွီသော်သည် စောစောပြန်လိုက်တာပဲဖြစ်ဖြစ်၊ သို့မဟုတ်လည်း ဒီငတိကောင်တစ်သိုက်ကို ခပ်မြန်မြန်အဆုံးသတ်စေလိုက်တာပဲဖြစ်ဖြစ်၊ တစ်မျိုးမဟုတ် တစ်မျိုး လုပ်လိုက်မည်ဖြစ်သည်။ သို့သော်ယနေ့တွင် သူသည် ဘာမှမပြောဘဲ တိတ်ဆိတ်နေသည်။ ထိုနေရာတွင် ထိုင်ပြီး အနှီတက်ကြွမြူးထူးနေသော လူတစ်သိုက်ကို ကြည့်နေသည်။

သည်လူများသည် တစ်နှစ်အတွင်းတွင် ဤမျှလောက်လူစုံတက်စုံ ဆုံဆည်းနိုင်သည့်အခွင့်အရေးမှာ အလွန်ရှားပါးလှသည်။ အချင်းချင်းအပေါ်တွင် နက်ရှိုင်းသောခင်မင်မှုသံယောဇဉ်ရှိမရှိဆိုသည့်အကြောင်းထက် သည်လူများ အတူတူဆုံစည်းကြလျှင် မြူးထူးပျော်ပါးစရာကောင်းပြီး စည်ကားသိုက်မြိုက်သည်။ အချို့လူများက အချင်းချင်း ဘယ်နှကြိမ်မှတောင် တွေ့ဖူးကြခြင်းမရှိပေ။ သို့သော် တစ်ကြိမ်လောက် အတူဆုံကြလိုက်လျှင်ပင် ရင်းနှီးသွားကြသည်။ မည်သည့်ပင်ဆိုစေကာမူ အားလုံးက "တစ်ဖွဲ့တည်းသား" များဖြစ်ကြသည်မဟုတ်ပါလား...။

ထို့ပြင် ကျန်းယွီသော်သည် ယခုလောလောဆယ်တွင် လှုပ်ရှားချင်စိတ်မရှိနေပေ။

ချန်ခေါ့သည် တောက်လျှောက်ပင် အရက်သောက်နေရင်း ဘေးနားရှိလူများ စကားပြောနေသည်ကို နားထောင်နေသည်။ မကြာခဏဆိုသလို သူတို့နှင့်အတူလိုက်၍ ရယ်မောနေပြီးနောက် မိမိနှင့် ခွက်ချင်းတိုက်ရင်း တစ်ငုံနှစ်ငုံ မော့သည်။ တစ်ညလုံးတွင်လည်း တော်တော်များများသောက်လိုက်ကာ ပုံစံကြည့်ရသည်မှာ မနှစ်မြို့ခြင်း သို့မဟုတ် ငြီးငွေ့စိတ်ပျက်ခြင်းလည်း ဖြစ်လောက်သည့်ပုံ မပေါ်ပေ။

ထိုသို့ဆိုလျှင် အဆင်ပြေပြီ။ အနည်းငယ်နောက်ကျမှ ပြန်လည်းရသည်။

ကျန်းယွီသော်သည် နောက်တစ်အောင့်ခန့်အကြာ အားလုံးပြန်သွားကြ၍ သူတို့နှစ်ယောက်သာ သီးသန့်နှစ်ယောက်တည်းကျန်ခဲ့လျှင် ချန်ခေါ့နှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲဆိုသည်ကို ရုတ်တရက် စဉ်းစား၍မရဖြစ်နေသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now