Chapter ● 40 ●
ဓါတ်လှေကားတံခါးရှေ့တွင်ရပ်ပြီး ဓါတ်လှေကားစောင့်နေချိန်တွင် ချန်ခေါ့သည် အေးလွန်း၍ တစ်ကိုယ်လုံး တောင့်တင်းမာကြောပြီး ကြွက်သားများလည်း နာကျင်ကိုက်ခဲလာသည်။ ညဘက်တွင် ဤတိုက်၏ဓါတ်လှေကားများထဲမှ တစ်ခုသာ အလုပ်လုပ်သည်။ လောလောဆယ်တွင် လူတစ်ယောက်ယောက်က ညဂျူတီမှပြန်လာပြီး အပေါ်တက်သွားသည်လား၊ သို့တည်းမဟုတ် အပေါ်မှတစ်ယောက်ယောက်က ဆင်းလာရန် ဓါတ်လှေကားခေါ်လိုက်သည်လားတော့ သူလည်းမသိပေ။ သို့သော် ဤမိနစ်ပိုင်းအတွင်းတွင် ဓါတ်လှေကားမှာ ၁၀ လွှာအထိရောက်နေသော်လည်း ရပ်တန့်မည့်အရိပ်အယောင်မပေါ်နေပေ။
"လခွမ်း ..."
ချန်ခေါ့သည် တောင့်တင်းအေးစက်နေသောခန္ဓာကိုယ်ဖြင့် အနည်းငယ်ခုန်ဆွခုန်ဆွလုပ်ပြီး ကိုယ့်ကိုယ်ကို နည်းနည်း ပိုနွေးထွေးလာစေရန် လှုပ်ရှားကြည့်ဖို့ ကြိုးစားလိုက်သည်။ သို့သော် တစ်ချက်ခုန်လိုက်ပြီးနောက် သူရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်မှာ သစ်သားတုံးကဲ့သို့ မာတောင့်နေပြီး လုံးဝကို ခုန်၍မရပေ။ ခုန်လိုက်သည့်တစ်ချက်ကလည်း ခုန်သည့်အဆင့်အထိမရောက်ဘဲ ခြေဖျားထောက်လိုက်သလိုသာ ဖြစ်သွားသည်။
ကျန်းယွီသော်က သူ့အနွေးထည်အင်္ကျီဇစ်ကို ဆွဲဖွင့်လိုက်သည်။
ချန်ခေါ့က ကျန်းယွီသော်ကိုတစ်ချက်ကြည့်လိုက်သောအခါ ကျန်းယွီသော်လုပ်လာလောက်မည့် လုပ်ရပ်ကို ချက်ချင်းသဘောပေါက်သွားသည်။ ဤသို့ဖြင့် ကျန်းယွီသော်တစ်ယောက် အနွေးထည်ကို မချွတ်လိုက်မီ ချန်ခေါ့ကပင် ဦးအောင် ပြောလိုက်သည်။
"မလိုဘူး။ ရတယ်"
ကျန်းယွီသော်က အနည်းငယ်တွေဝေသွားပြီးနောက် အင်္ကျီဇစ်ကို ပြန်ဆွဲပိတ်လိုက်ပြန်သည်။
ဓါတ်လှေကားက ၁၅ လွှာတွင် ရပ်သွားပြီးနောက် အောက်သို့ပြန်ဆင်းလာသည်။
ကျန်းယွီသော်က ဘယ်လက်ကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် ချန်ခေါ့အနားသို့ တိုးကပ်လာသည်။ လက်ဖျံနှင့် ချန်ခေါ့အား ဘေးတစ်ဖက်သို့တွန်းလိုက်ပြီး တိုးဖိလိုက်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficción Generalဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe