အခန်း - ၁၄

990 122 4
                                    

Chapter ● 14 ●

"သော့ယူဖို့တောင် မေ့ကျန်ခဲ့တယ်ပေါ့ ဟုတ်လား"

ကားထဲမှ ချန်ချင့်သည် အံ့သြတကြီး မေးလာသည်။

ချန်ခေါ့က မျက်မှောင်ကြုတ်လိုက်သည်။

"ငါဒီအသက်အရွယ်အထိ အပြင်သွားရင် ဘယ်တုန်းကမှ သော့ယူစရာမလိုခဲ့ဘူး"

ချန်ချင့်မှာ ပို၍တောင် အံ့သြသွားတော့သည်။

"ဪ ... ခင်ဗျားတို့အိမ်ရာရဲ့ လုံခြုံရေးက မဆိုးဘူးပဲ။ သော့ခတ်ဖို့တောင်မလို ... ..."

ကျန်းယွီသော်သည် ချန်ချင့်ပါးစပ်မှ ထွက်လာမည့် နောက်ဆက်တွဲစကားများ ပြန်ဝင်သွားရန် ချန်ချင့်၏နဖူးပေါ်သို့ လက်ပြန်တစ်ချက်ရိုက်ထည့်လိုက်သည်။ ထို့နောက် ချန်ခေါ့အား လှမ်းပြောသည်။

"အရင်ဆုံး ကားပေါ်တက်လိုက်"

ချန်ခေါ့သည် ကားနောက်ခန်းတံခါးကိုဖွင့်ပြီး ဝင်ထိုင်လိုက်သည်။ သူသည် လေအရမ်းတိုက်နေချိန်တွင် အတန်ကြာလမ်းလျှောက်ခဲ့သောကြောင့် လေနှင့်အတူ လွင့်ပါမတက်ဖြစ်နေသည်။ ကျန်းယွီသော်၏ ကားပေါ်တက် ဟူသော် စကားကိုသာ စောင့်ဆိုင်းနေသလိုပင်...။

သို့သော် ကားမောင်းထွက်လာသည်နှင့် ချန်ခေါ့သည် ခေါင်းက ငြီးစီစီဖြစ်လာပြီး အန်ချင်သလိုဖြစ်လာသောကြောင့် ကားမှန်ကို အနည်းငယ်ခန့် အလျင်အမြန်ချလိုက်ရသည်။

အစောပိုင်းတုန်းက ရွှီတင်းတစ်ယောက် အငှားဒရိုင်ဘာခေါ်ပြီး မိမိကို အိမ်ပြန်ပို့တုန်းက ဘာမှမဖြစ်သော်လည်း ယခုတွင် သောက်လာခဲ့သော အရက်ရှိန်တက်လာခြင်းလား သို့မဟုတ် လေတိုက်ခံလိုက်ရတာကြောင့်လားမသိ၊ ချန်ခေါ့သည် မအီမသာနှင့် မူးဝေသလိုဖြစ်လာသည်။

ထိုစဉ် ကားအရှေ့ခန်းမှ ချန်ချင့်၏အသံထွက်လာသည်။

"ခင်ဗျား အရက်သောက်လာတယ်မဟုတ်လား"

"အင်း"

"လန်းလှချည်လား။ တစ်ကိုယ်လုံးအရက်နံ့တွေ မွှန်နေတာတောင် လူကတော့ ဟန်တောင်မပျက်ဘဲ နည်းနည်းမှတောင် မသိသာနေဘူး။ ခင်ဗျား အရက်ကို ကိုယ်ပေါ် လောင်းချခဲ့တာလား"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now