Chapter ● 92 ●
ချန်ခေါ့၏ ယနေ့တစ်နေ့တာ စိတ်ချမ်းသာစရာကောင်းမှုများသည် နှစ်ကြိမ်တိုင်တိုင်ပေါ်ပေါက်ခဲ့သော အနှီအာရုံမှောက်မှားခြင်းမဟုတ်သည့်ကိစ္စကြောင့် ကမောက်ကမနှင့်ပျက်စီးသွားခဲ့ရသည်။ သို့သော် ဘယ်လိုလူကများ ကျန်းယွီသော်နောက်ကို လိုက်နေလဲဆိုသည်ကို သူတကယ်ပင် တွေးတော၍မရနေပေ။
ဤသည်မှာ ချန်ယိ၏လုပ်ရပ် ထပ်ဟုတ်ပုံမရတော့ပေ။ ဤကဲ့သို့သောအကွက်သည် အရှိုက်ထိပြီး မရှူနိုင်မကယ်နိုင်ဖြစ်စေနိုင်သောစွမ်းအားမရှိသော ပရိယာယ်ဖြစ်သည်။ သူတို့အဖေသိ၍ရသောကိစ္စများ၊ သိ၍မရသောကိစ္စများ အားလုံးတို့ကို သူတို့အဖေ၏ရှေ့မှောက်တွင် ဖွင့်ပြထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။ ထို့ပြင် ယခုလပိုင်းတွင် အရာအားလုံးငြိမ်းချမ်းအေးဆေးနေခဲ့သည် ... ...။ ကျန်းယွီသော်ပြန်ရောက်လာသည်နှင့် နောက်ယောင်ခံလိုက်သူရှိလာသည်။ ရန်ငြိုးရှိသောရန်သူဟုဆိုလျှင်တောင် ဖြစ်နိုင်ခြေက သိပ်မကြီးမားပေ ... ...
မည်သို့ပင်ဆိုစေကာမူ နိဂုံးကောက်ချက်တစ်ခု ချမှတ်နိုင်ပြီးနောက် ကျန်းယွီသော်သည် ဤပြဿနာအတွက် ထပ်ပြီးခေါင်းအရှုပ်မခံတော့သလိုပင်။ ထင်ယောင်ထင်မှားဖြစ်သော အာရုံမှောက်မှားမှုသာမဟုတ်လျှင် ကျန်းယွီသော်အတွက် စိတ်ချမ်းမြေ့ဝမ်းသာစရာကိစ္စတစ်ခုဖြစ်သည်။ ကျန်းယွီသော်အတွက် ဘာသက်ရောက်မှုကြီးကြီးမားမားမှမရှိတော့ဘဲ အားအပြည့်သွင်းပြီးသော ဖုန်းကို ယူဆော့နေသည်။
ချန်ခေါ့သည် မြောင်နှင့်တစ်အောင့်ခန့် ဆော့ကစားလိုက်ပြီးနောက် သမ်းဝေလိုက်ကာ စတင်ငိုက်မျဉ်းလာသည်။
"ဝတ္ထုဖတ်နေတာလား"
ချန်ခေါ့က ဖုန်းကို သဲကြီးမဲကြီးစိုက်ကြည့်နေသေးသော ကျန်းယွီသော်ကို မေးလိုက်သည်။
ကျန်းယွီသော်က မော့ကြည့်လာပြီး အားနာပါးနာဖြစ်စွာ ပြောလာသည်။
"မဟုတ်ပါဘူး။ ကျွန်တော် ... ... မြို့တွင်းက အလုပ်ခေါ်စာအချက်အလက်တွေကိုကြည့်နေတာ"
ချန်ခေါ့က အငိုက်မိသွားပြီး -
"အလုပ်ရှာဖို့လား"
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe