Chapter ● 60 ●
ချန်ခေါ့ ခေါင်းငုံ့လာသော ထိုအခိုက်အတန့်တွင် ကျန်းယွီသော်၏စိတ်ထဲ၌ ချန်ခေါ့က မိမိနဖူးကို လက်ဖြင့် ဖိကပ်လာခြင်းသည် မိမိတွင် အဖျားသွေးရှိမရှိ စမ်းသပ်ရန်ဟု သုညဒဿမသုံးလေးငါးစက္ကန့်ခန့် တွေးထင်ခဲ့မိသေးသည်။
ဘာဖြစ်သွားလဲဆိုသည်ကို သဘောပေါက်သွားချိန်တွင် ချန်ခေါ့က မိမိ၏ကိုယ်ပေါ်တွင် ဖိထားနှင့်ပြီးသား ဖြစ်နေပြီ။
ထို့နောက် သူ့ကို နမ်းနေပြန်ပြီဖြစ်သည်။
ဤသည်မှာ ဘယ်နှကြိမ်မြောက် နမ်းခြင်းလဲဆိုသည်ကိုတောင် သေချာမမှတ်မိတော့ပေ။ "ကျင့်သားရနေပြီ" ဆိုသောစကားကို စိတ်တည်ငြိမ်စွာ ပြောနိုင်လောက်သည်အထိ အကြိမ်ရေများပြားနေပြီဖြစ်သည်။
သို့သော် သည်တစ်ကြိမ်က ကွဲပြားသည်။
ယခင်ကအနမ်းများအားလုံးနှင့် ကွဲပြားသည်။
အဘယ့်ကြောင့်ဆိုသော် ချန်ခေါ့ နမ်းသည့်ပုံကလည်း ယခင်ကနှင့် လုံးဝမတူသောကြောင့်ဖြစ်သည်။
ကျန်းယွီသော်သည် ချန်ခေါ့လျှာဖျားဆီမှ လက်ဖက်စိမ်းအရသာကို ခံစားလိုက်ရသည်။ တိတိကျကျပြောရလျှင် လက်ဖက်စိမ်းအရသာနှင့် သွားတိုက်ဆေးအနံ့...။ ဤသည်မှာလည်း စောစောပိုင်းက သွားတိုက်ဆေးကို လက်ဖက်စိမ်းသွားတိုက်ဆေးမှန်း သူမြင်ဖူးထားခဲ့၍သာဖြစ်သည်။ မဟုတ်လျှင် ခန့်မှန်းတတ်မှာ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူသည် အဝတ်ဗီရိုထဲသို့ ရေမွှေးဖြန်းသော သခင်လေးမဟုတ်ပေ၊ ထို့ကြောင့် သည်လိုကိစ္စများနှင့်ပတ်သက်၍လည်း တောင်းဆိုချက်သိပ်မများပေ...။
လျှာဖျားလား...။
ဟုတ်တယ်၊ လျှာဖျား...
လျှာဖျားတင်မက ... ...
ကျန်းယွီသော်သည် ထိတ်လန့်ခြင်းနှင့် ရှုပ်ထွေးခြင်းထဲတွင် ပိုပို၍များပြားလာသော ထိတွေ့မှုတို့ကို ခံစားသိရှိလာရချိန်တွင် လူတစ်ကိုယ်လုံးသည် ပြန်လည်တုံ့ပြန်ဖြေကြားနိုင်သော စွမ်းရည်လည်း ပျောက်ဆုံးသွားရသည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe