Chapter ● 78 ●
အစ်မလော်သည် စကားကို အလွန်ဖြည်းနှေးစွာပြောတတ်ပြီး လေသံကလည်း ညင်သာသည်။ သူတို့ကို လေဆိပ်မှ ဟိုတယ်ဆီသို့ ကားမောင်းပို့ပေးသော လမ်းတစ်လျှောက်လုံးတွင် ရောက်တက်ရာရာ စကားစမြည်ပြောနေသည်။ ချန်ခေါ့က အစ်မလော်နှင့် စိတ်လက်ပေါ့ပါးစွာ စကားပြောလာခဲ့သော်လည်း သူ့ဘေးနားတွင်ထိုင်နေသော ကျန်းယွီသော်ကမူ တောက်လျှောက်ပင် တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်အရိပ်လက္ခဏာမှာ ဆန့်ကျင်ခုခံခြင်းနှင့် စိတ်ကျဉ်းကျပ်တင်းမာခြင်းတို့ကို အချက်ပြနေကြောင်း ချန်ခေါ့က ကောင်းကောင်းသဘောပေါက်သည်။
ချန်ခေါ့က ကျန်းယွီသော်၏ညာလက်ကို တောက်လျှောက်ဆုပ်ကိုင်ထားပေးပြီး လက်ချောင်းထိပ်ဖြင့် လက်ဝါးထဲတွင် ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။
ဟိုတယ်ဝင်ပေါက်ဝတွင် ကားရပ်သွားသောအခါ ကျန်းယွီသော်က ချန်ခေါ့၏ လက်ချောင်းကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
အစ်မလော် နောက်လှည့်ပြောလာသည်။
"ဒီနေ့ ညနေပိုင်းရော ညပိုင်းရော ကျွန်မအချိန်ရတယ်နော်။ တကယ်လို့ မနက်ဖြန်ကျမှ တွေ့ချင်တယ်ဆိုလည်း ပြဿနာမရှိဘူး။ ဒီနှစ်ရက်စလုံးက ကျွန်မ အားလပ်ရက်ရထားတာ။ နေရာကတော့ ရှောင်ကျန်းရဲ့သဘောပါပဲ"
ချန်ခေါ့က ခေါင်းညိတ်လိုက်ပြီး :
"ဟုတ်ကဲ့။ ကျွန်တော် ကြိုပြီးတော့ ဖုန်းဆက်ပြောပါ့မယ်"
သူတို့ ကားပေါ်မှဆင်းလာပြီးနောက် အစ်မလော်က အကြာကြီးမနေနေတော့ဘဲ ပြန်မောင်းထွက်သွားသည်။ ထိုတော့မှ ကျန်းယွီသော်လည်း စိတ်သက်သာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။
ချန်ခေါ့က ဟိုတယ်ထဲသို့ ဝင်သွားလိုက်သည်။
"ငါတို့ ပစ္စည်းတွေကို အရင်ဝင်ထားလိုက်မယ်လေ။ ခဏနားပြီးရင် အစ်မလော်နဲ့တွေ့ဖို့ ဘယ်အချိန်ချိန်းမလဲဆိုတာ မင်းပဲသတ်မှတ်လိုက်"
"ညနေ..."
ကျန်းယွီသော်က ချန်ခေါ့နောက်မှကပ်လိုက်လာခဲ့ပြီး ပြောလိုက်ပြီးနောက် လျင်မြန်စွာ ပြန်ပြင်ပြောလာပြန်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficción Generalဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe