Chapter ● 82 ●
[Content Warning : ဒီအခန်းမှာ ကိုယ့်ကိုယ်ကိုယ်အနာတရဖြစ်အောင်လုပ်မှု (self-harm) တွေ၊ သွေးထွက်သံယိုတွေ၊ ကိုယ့်ကိုယ်ကိုယ် အကြမ်းဖက်မှုတွေ ပါပါလိမ့်မယ်။]
ချန်ခေါ့၏ သဲပန်းချီဖျော်ဖြေမှုက လမ်းတစ်ဝက်မရောက်သေးခင်တွင်ပင် ကျန်းယွီသော်က မြေညီထပ်တွင် မရှိနေတော့ကြောင်း သူသိနေခဲ့ပြီဖြစ်သည်။
ကျန်းယွီသော်က နောက်ဖေးပေါက်မှထွက်ပြီး အပြင်တွင်စီးကရက်သွားသောက်မှန်းကို သူသိလိုက်သည်။ စီးကရက်သောက်ပြီး၍ ပြန်ဝင်လာသည်ကိုလည်း သူတွေ့လိုက်သေးသည်။ သို့သော် သုံးလေးကြိမ်ခန့် ခေါင်းငုံ့အလုပ်ရှုပ်လိုက်ပြီးနောက် လူအုပ်ထဲဝေ့ကြည့်လိုက်ချိန်တွင် ကျန်းယွီသော်ကို မတွေ့ရတော့ပေ။
အပေါ်ထပ်ကို တက်သွားတာလား...။
လောလောဆယ်တွင် ဧည့်သည်အလွန်များနေသည်။ ဂီတသံ၊ စကားပြောသံ၊ ရယ်သံများဖြင့် အလွန်စည်ကားသက်ဝင်နေသည်။ ဤကဲ့သို့ "စိမ်းသက်မှု" တို့နှင့် ပြည့်ဝနေသော ပတ်ဝန်းကျင်က ကျန်းယွီသော်အတွက် သည်းမခံနိုင်စရာဖြစ်နေလောက်မည်။
ကျန်းယွီသော်က ရှောင်ဖယ်ချင်၍လား၊ သို့တည်းမဟုတ် တစ်ခုခုကို မြင်လိုက်ကြားလိုက်၍လားဆိုသည်ကို ချန်ခေါ့က မသိနေပေ။
သုံးလွှာတွင် သွားအနားယူ၍ရကြောင်း ကျန်းယွီသော်အားပြောပြထားခဲ့သော်လည်း ကျန်းယွီသော်က တကယ်တမ်းထွက်သွားခဲ့သည်ကို ရုတ်တရက်သိလိုက်ရသောအခါ စိတ်ထဲတွင် ပျာယာခတ်မိဆဲဖြစ်သည်။
လက်ထဲမှသဲတစ်ဆုပ်ကို ဖြူးချလိုက်ပြီး တစ်အောင့်ခန့်ငေးမောငြိမ်သက်နေခဲ့ပြီးမှ ချန်ခေါ့သည် လက်ညှိုးဖြင့် အပေါ်နားမှ ရေးခြစ်လိုက်သည်။ သို့သော် သူရေးဆွဲချင်နေသောအရာကို ရုတ်တရက်ပြန်စဉ်းစား၍မရနိုင် ဖြစ်သွားသည်။
တစ်ခုတော်သေးသည်မှာ ယနေ့ဖျော်ဖြေရေးသည် ဖွင့်ပွဲအမှတ်တရအစီအစဉ်အနေဖြင့် အပျော်သဘောရေးဆွဲရသောပွဲဖြစ်နေခဲ့ပြီး ရေးဆွဲရန်အသုံးပြုသောလက်ကလည်း ဘယ်ဘက်လက်ဖြစ်နေသည်။ ချန်ခေါ့၏ လက်ညှိုးထိပ်က သဲမှုန်လွှာပေါ်တွင် ရပ်တန့်သွားခဲ့သည်ကို သတိထားမိသူမရှိလိုက်ပေ။ ဘားကောင်တာဘေးနားတွင် မတ်တတ်ရပ်နေသော ရွှီတင်းကသာ ခေါင်းမော့ကြည့်လာသည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe