အခန်း - ၃၉

869 121 5
                                    

Chapter ● 39 ●

ကိုယ်ပြောလိုက်သည့်စကားကို ကိုယ့်ဘာသာကိုယ် ပြန်နားထောင်လျှင်တောင် အတင်း သိက္ခာပြန်ဆယ်သည့်အသံ ပေါက်နေသည့် ချန်ခေါ့၏ အမေးစကားကို ကျန်းယွီသော်က ဘာမှပြန်မဖြေခဲ့ပေ။ ချန်ခေါ့အား တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ပစ္စည်းများကိုသယ်ပြီး လျှောက်ထွက်လာသည်။

"ဟိုဘက်မှာ အိတ်တစ်အိတ်ရှိသေးတယ်။ ကျွန်တော့်ကို တစ်ချက်လောက် ကူသယ်ပေးပါဦး"

ချန်ခေါ့သည် လက်တစ်ဖက်က အနွေးထည်အင်္ကျီထဲမှ ကြောင်ကိုပွေ့ထားရင်း နောက်လက်တစ်ဖက်က ကျန်းယွီသော်ပြောသောအိတ်ကို ဆွဲကိုင်လိုက်သည်။ ထို့နောက် ကျန်းယွီသော်နောက်မှလိုက်ပြီး တံခါးကိုပိတ်လိုက်သည်။

"အတွင်းလော့ခ်ကိုပါ မပိတ်ရဘူးလား"

"မပိတ်ရဘူး။ ညနေခင်း အန်တီကြီးလာတဲ့အချိန် လော့ခ်က နှစ်ဆင့်ပိတ်ထားတာမြင်ရင် ဆဲလိမ့်မယ်"

"အဲဒါ ဘာရောဂါကြီးလဲဟ"

ချန်ခေါ့က ကြောင်တောင်တောင်ဖြစ်သွားသည်။

"သူ့ကို အိမ်ထဲပေးမဝင်စေချင်လို့ အဲဒီလို သော့နှစ်ဆင့်ပိတ်တာလို့ ပြောမှာ"

"တော်တော်လေးကို ပေါင်းသင်းပြုစုရခက်တဲ့ အန်တီကြီးပဲ ... ..."

ချန်ခေါ့သည် ပြောစရာစကားများ ပျောက်ဆုံးနေသည်။

ကျန်းယွီသော်က သက်ပြင်းချလိုက်သည်။

"ကျွန်တော် ဒီအိမ်ခန်းကို တစ်နေ့လုံး သန့်ရှင်းရေးလုပ်နေခဲ့တာ။ ဘယ်နားမှာ ကျန်ခဲ့တာရှိမလဲဆိုပြီးလန့်နေရတာ။ သူက တစ်ခါဆူဆဲရင် ကျွန်တော့်ကို နှစ်နာရီလောက်ကို ထိုင်ဆဲနိုင်တယ်"

"ဒီတိုက်ခန်းက မင်းကို လူချန့်က ငှားထားတာလား"

"မဟုတ်ဘူး။ ကျွန်တော် အလကားနေနေတာ"

"ဪ ... အန်တီကြီးက ခဏခဏလာလေ့ရှိတာလား"

"လပိုင်းလောက်ဆိုရင် တစ်ခေါက်လောက် လာတတ်တယ်။ ခါတိုင်းဆိုရင် ကျွန်တော်က အပြင်မှာ ရက်ပိုင်းလောက်ထွက်နေလိုက်တာပဲ။ အခုက ကြောင်ရှိနေတော့ နည်းနည်းလေး ကသီသွားတာ"

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now