Chapter ● 9 ●
ချန်ခေါ့သည် ကျန်းယွီသော်၏နောက်ကနေ ဆိုင်ထဲသို့ လိုက်ဝင်လာသည်။ သူတို့နောက်တွင် ကျန်းယွီသော်၏နောက်လိုက်ငတိကောင်လေးများ သုံးလေးယောက်ခန့်လည်း ပါလာသည်။ ချန်ခေါ့သည် ချန်ချင့်၏ "ကိုယ်ရံတော်ချုပ်" ရာထူးကို မတရားသိမ်းပိုက်လိုက်သလိုခံစားလိုက်ရသောကြောင့် တင်္ဒဂမျှ မျက်နှာပူသွားသည်။
သို့သော် ဆိုင်အပေါက်ဝတွင် ချန်ယိနှင့် မျက်နှာချင်းဆိုင်ပြီး စိုက်ကြည့်နေရသည်နှင့်စာလျှင် ဤကဲ့သို့သောအဆုံးသတ်က ပို၍ပြည့်စုံလှပသည်။
ချန်ယိတို့အုပ်စုလည်း ဆိုင်ရှေ့တွင်ရပ်နေမလား၊ ဒါမှမဟုတ် အထဲသို့ဝင်လာလေသလားဆိုသည်ကို သူမသိသလို လှည့်လည်း မကြည့်ခဲ့ပေ။
"အစ်ကိုတို့ ဘယ်နှယောက်လဲခင်ဗျ"
စားပွဲထိုးတစ်ယောက်က မေးလာသည်ကို ကျန်းယွီသော်က ပြန်ဖြေလိုက်သည်။
"ခြောက်ယောက်။ အပေါ်ထပ်မှာ ဝိုင်းအလွတ်ရှိသေးလား"
"ရှိပါသေးတယ်"
ချန်ခေ့ါသည် သူတို့အုပ်စု လူဦးရေကို စိတ်ထဲတွင် အမြန်ရေတွက်ကြည့်လိုက်သည်။ ကျန်းယွီသော်က သူ့ကိုလည်း ထည့်တွက်လိုက်ပုံရသည်။ အားနာသွားသောကြောင့် ကျန်းယွီသော်ကို လှမ်းခေါ်ရန် ဟန်ပြင်လိုက်သော်လည်း ကျန်းယွီသော်က သူ့အားစကားပြောရန်အခွင့်အရေးမပေးဘဲ လှေကားမှတဆင့် အပေါ်ထပ်သို့တက်သွားသည်။
ဒုတိယထပ်သို့ရောက်သောအခါ ကျန်းယွီသော်က ခြေလှမ်းရပ်လိုက်ပြီး စားပွဲအလွတ်လိုက်ရှာသည့်အချိန်တွင်မှ ချန်ခေါ့က အလျင်စလိုခေါ်လိုက်သည်။
"စန်း ... ..."
စန်းကောလို့ခေါ်ရမှာလား...။
အရင်က အခြေအနေအတိုင်းဆိုလျှင် ကျန်းယွီသော်ကို သူ "စန်းကော" ဟု ခေါ်ထွက်သေးသည်။ သို့သော် အခန်းငှားစာချုပ်အနောက်တွင် ပူးတွဲပါလာသော ကျန်းယွီသော်၏မှတ်ပုံတင်အရ အနှီ စန်းကောဟူသော ပုဂ္ဂိုလ်မှာ အသက် (၂၁) နှစ်သာ ရှိသေးသည်ကို သိထားပြီးသား ဖြစ်နေသည်။ ထို့ကြောင့် ချန်ခေ့ါသည် "ကော (အစ်ကို)" ဟူသော အခေါ်အဝေါ်ကို ဘယ်လိုမှ ခေါ်မထွက်နိုင်ဖြစ်နေသည်။ အဆိုပါ အခေါ်အဝေါ်က ကျန်းယွီသော်၏ အမှိုက်ပုံးစီမံခန့်ခွဲသော လောက၏ ရာထူးကို ထင်သာအောင် ဖော်ပြသည့် အခေါ်အဝေါ်ဖြစ်မှန်း သဘောပေါက်နေလျှင်တောင်မှ ချန်ခေ့ါတစ်ယောက် ခေါ်မထွက်နိုင်သေးပေ။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Ficción Generalဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe