အခန်း - ၇၄

891 91 2
                                    

Chapter ● 74 ●

ရွှီတင်းအား မက်ဆေ့ပို့လိုက်ပြီးနောက် ချန်ခေါ့သည် နောက်တစ်ကြိမ် ပြန်လည်အိပ်မောကျသွားလေသည်။ ဒီရက်ပိုင်းထဲတွင် သူ၏စိတ်ခံစားချက်မှာ တက်လိုက်ကျလိုက်ဖြင့် အပြောင်းအလဲမြန်နေခဲ့သည်။ အတွေးအာရုံထဲတွင်လည်း ကိစ္စမျိုးစုံတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ယခုမှာမူ အရေးကြီးသောကိစ္စတစ်ခုခု ပြည့်စုံပြီးမြောက်သွားပြီး ခက်ခဲသော အတားအဆီးတစ်ခုခုကို အောင်မြင်စွာကျော်ဖြတ်ခဲ့သကဲ့သို့ဖြစ်သွားကာ လူတစ်ကိုယ်လုံးလည်း ပေါ့ပါးသွားခဲ့သည်။

ကျန်းယွီသော်ထံတွင် ချန်ခေါ့၏စိတ်ဂနာမငြိမ် မဖြစ်အောင် လုံးဝရှောင်ဖယ်၍မရနိုင်သော ပြဿနာရှိနေစေကာမူ သူသည် မျက်လုံးပိတ်လိုက်သည်နှင့် အိပ်ပျော်သွားခဲ့သေးသည်။

ဘယ်လိုပင်ကြီးမားပြီး ရှုပ်ထွေးသောပြဿနာဖြစ်နေစေကာမူ ကျန်းယွီသော်က မိမိရှေ့မှောက်၊ မိမိနံဘေးနားတွင်ရှိနေပြီး ရည်းစားကောင်လေးဟူသော အမည်နာမအခေါ်အဝေါ်ကို လက်ကိုင်ထား၍လည်းဖြစ်ကောင်းဖြစ်လိမ့်မည်။ ဤအကြောင်းများကိုတွေးတောမိသောအခါ ချန်ခေါ့သည် စိတ်လက်ပေါ့ပါးသွားတော့သည်။

ဘယ်လိုဖြစ်ပျက်သွားမှန်း သူကိုယ်တိုင်မသိနေသော်လည်း ဤအသက်အရွယ်ရောက်သည်အထိ သူသည် တစ်ယောက်ယောက်နှင့် ဤကဲ့သို့သောဆက်ဆံရေးမျိုးကို စိတ်အားထက်သန်စွာ စတင်တည်ဆောက်လိုစိတ် လုံးဝမရှိခဲ့ဖူးပေ။ ဤကဲ့သို့သော ဆက်ဆံရေးမျိုးကြောင့်လည်း အနှိုင်းမဲ့ကျေနပ်အားရခဲ့ဖူးခြင်း မရှိခဲ့ချေ။

ဤတစ်ကြိမ်တွင်မူ သူသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်။ ပြန်နိုးလာချိန်တွင် လိုက်ကာအပြင်ဘက်မှ ထိုးဖောက်ဝင်ရောက်လာသော နေရောင်ခြည်ကတောင် မျက်လုံးကို စူးရှနေစေခဲ့ပြီဖြစ်သည်။ အချိန်ကို တစ်ချက်ကြည့်လိုက်သော် ညနေသုံးနာရီထိုးပြီးနေပြီ။

သူသည် ကျောက်ပတ်တီးစည်းထားသောလက်ကိုမြှောက်ထားပြီး တဖြည်းဖြည်းနှင့် ထထိုင်လိုက်သောအခါ မနက်ခင်းက လိုက်ကာနောက်ကွယ်တွင် မတ်တတ်ရပ်နေခဲ့သော ကျန်းယွီသော်ကို ရုတ်တရက်သတိရသွားသည်။ သို့နှင့် သူသည် ချက်ချင်းပင် စိတ်ပူပန်လှုပ်ရှားလာပြန်ပြီး အော်ခေါ်လိုက်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now