Chapter ● 96 ●
ကျန်းယွီသော်က ဘယ်အချိန်တွင် ရွှီတင်းနှင့်ဆက်သွယ်လိုက်ပြီး ဘာပြောလိုက်သည်ကို ချန်ခေါ့ဘာမှမသိလိုက်ပေ။ ကျန်းယွီသော်က သူ့ကိုမပြောပြခဲ့သလို သူကလည်း မေးမြန်းရန်အစီအစဉ်မရှိပါ။
သူသိသည်မှာ ကျန်းယွီသော်က ချန်ချင့်ကိုဆွဲပြီး သွားလိုက်လာလိုက်ဖြင့် တစ်လကျော်ခန့် ပြေးလွှားအလုပ်ရှုပ်လိုက်ပြီးနောက် ဆိုင်ကို စတင်တပ်ဆင်ပြင်ဆင်နေခဲ့ပြီဖြစ်သည်။
ဤသည်မှာ ကျန်းယွီသော်က သည်အသက်အရွယ်ရောက်သည်အထိကြီးပြင်းလာရာတွင် ပထမဆုံးအနေဖြင့် သူ့အတွက် သူကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုကာ သူ့အမြင်အရ လုပ်ရန်မဖြစ်နိုင်သည့် ဤကဲ့သို့သောကိစ္စတစ်ရပ်ကို လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို ချန်ခေါ့ခံစားမိသည်။ ဤကိစ္စသည် ကျန်းယွီသော်အတွက်ပြောရလျှင် အလွန်အရေးပါသည်။
သူ့သူငယ်ချင်းများအမြင်တွင်လည်း အလွန်အရေးပါပြီး မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။
ကျန်းယွီသော်ကိုယ်တိုင်၏ ကိုယ်ပိုင်ဆန္ဒနှင့်နည်းလမ်းသက်သက်အတိုင်း ဤဆိုင်ကိုဖွင့်လှစ်ရန် ချန်ခေါ့မျှော်လင့်သည်။
ချန်ခေါ့ကိုယ်တိုင်မှာလည်း အလွန်အလုပ်များနေခဲ့သည်။
ဤလတွင် သူတို့ theme restaurant ၏ စီးပွားရေးက အနည်းငယ်ရေပန်းစားစပြုလာသည်။ နေရာအသစ်တစ်နေရာရှာရန် ရွှီတင်းက သူ့အား တောက်လျှောက်တိုက်တွန်းဆော်သြနေသည်။ အစီအစဉ်အသစ်များရေးဆွဲခြင်း၊ ပရောဂျက်အတိုးအလျော့လုပ်ခြင်း အစရှိသဖြင့် ကိစ္စအများကြီးများကိုလည်း လုပ်ရသေးသည်။
ပုဂ္ဂိုလ်ရေးကိစ္စလည်း မနည်းလှပေ။
ကျန်းယွီသော်က ဘယ်လိုစိတ်နေသဘောထားဖြစ်ပေါ်လာသည်မသိ၊ ချန်ခေါ့အား သုံးနှစ်စာ မွေးနေ့လက်ဆောင်စာရင်းကို ပေးလာသည်။ နောက်ထပ်နှစ်နှစ်စာအတွက်မူ မစဉ်းစားရသေးပေ။ သို့သော် ဤသုံးနှစ်တာအတွက် လက်ဆောင်သုံးမျိုးက ချန်ခေါ့အား အတော်လေးခေါင်းနားပန်းကြီးစေမိပြီဖြစ်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe