အခန်း - ၉၅

981 104 1
                                    

Chapter ● 95 ●

ရဲစခန်းတွင် မှတ်တမ်းတင်ပြီး အိမ်သို့ပြန်ရောက်ပြီးနောက် ချန်ခေါ့၏ဦးခေါင်းသည် ချာချာလည်ဖြစ်သွားရကာ စတင်ခေါင်းမူးနေပြီဖြစ်သည်။ နာရီပေါင်းအနည်းငယ်ခန့် တင်းမာနေသောစိတ်ကို ဖြေလျှော့လိုက်သော် သူသည်လမ်းလျှောက်ရာတွင် အနည်းငယ်ယိုင်ထိုးနေသည်။

ကျန်းယွီသော်ကိုကြည့်ရသည်မှာ အခြေအနေက အဆင်ပြေနေပုံရသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ရက်ပိုင်းလောက်မအိပ်မစက်ဘဲနေလျှင်တောင် မျက်ကွင်းမညိုတတ်သောသူဖြစ်သည်။ ယခုအချိန်တွင် ပုံစံလည်းမတူသလို အရောင်လည်းကွဲပြားနေသော ကွင်းထိုးဖိနပ်ကိုစီးပြီး သူနှင့်သိကျွမ်းနေသော ထိုရဲသားဦးလေးနှင့် ရှေ့တွင် လမ်းလျှောက်နေသည်။

"တံခါးဝမှာစောင့်နေကြတဲ့ဟိုတစ်အုပ်စုကို မင်းအရင်ပြန်ခိုင်းလိုက်တော့။ မဟုတ်ရင် ခဏနေ ဒီကောင်တွေ တစ်ယောက်ချင်းစီကို စခန်းထဲခေါ်သွင်းပြီး ငါမေးခွန်းမေးရတော့မယ်"

ရဲသားဦးလေးက ပြောလိုက်သည်။

"ချက်ချင်းသွားခိုင်းလိုက်ပါမယ်"

ကျန်းယွီသော်က ပြန်ဖြေသည်။

ရဲစခန်းတံခါးပေါက်မှထွက်လာတော့မှ ချန်ခေါ့သည် လမ်းတစ်ဖက်ခြမ်းရှိ ပန်းစိုက်ထားသောဘောင်ပေါ်တွင် ရပ်သူကရပ် ထိုင်သူကထိုင်နေကြသော လူအယောက်နှစ်ဆယ်သုံးဆယ်ခန့်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ထွက်လာသည်ကိုမြင်သည်နှင့် အားလုံးက ချက်ချင်းထရပ်လိုက်ကြပြီး သူတို့ရှိသည့်ဘက်သို့ ကြည့်လာသည်။

"ဒါက ဘယ်လိုဖြစ်တာလဲ။ မင်းခေါ်လိုက်တာလား"

ချန်ခေါ့က မေးလိုက်သည်။

"ဒီလောက်အကြီးအကျယ်ဖြစ်သွားခဲ့တာလေ။ အများဆုံး နာရီဝက်အတွင်းမှာပဲ ဒီဧရိယာက ဒီကောင်တွေ အကုန်သိသွားကြမှာပဲ။ ဆိုတော့ သေချာပေါက်ကို အရောက်လာကြပြီး လာစောင့်နေကြမှာပဲ"

ချန်ချင့်က ရှေ့ဆုံးမှလျှောက်လာသည်။ ကြည့်ရသည်မှာ အိပ်ရာထဲမှ တန်းပြီးထထွက်လာပုံရသည်။ ကိုယ်ပေါ်တွင် စွပ်ကျယ်တစ်ထပ်သာဝတ်ထားပြီး ခြေထောက်တွင်စီးထားသည်မှာလည်း ကွင်းထိုးဖိနပ်ပဲဖြစ်သည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now