Chapter ● 26 ●
ကျန်းယွီသော်က အိမ်တံခါးရှိရာအနားသို့ပြန်လှည့်လာပြီး တံခါးလက်ကိုင်ကို လှုပ်ခါဖွင့်ကြည့်လိုက်သည်။ တံခါးမှာ ကြည့်လိုက်သည်နှင့် အရည်အသွေးအရမ်းကောင်းသော တံခါးမှန်းသိသာစွာပင် တစ်စိုးတစ်စိမျှတောင်မလှုပ်သွားပေ။
"လော့ကျသွားပြီ"
ကျန်းယွီသော်က ချန်ခေါ့အားလှည့်ကြည့်လိုက်သည်။
"စောက်ပိုတွေ။ မင်း အားနည်းနည်းထပ်စိုက်ပြီး လက်ကိုင်ကို ထပ်လှုပ်ရင် လော့ကျမှာတင်မဟုတ်ဘူး၊ အဲဒီတုန်ခါအားနဲ့ မှန်တွေတောင် ကွဲကုန်မှာ"
"ငိုး ..."
ကျန်းယွီသော်က စိတ်ပျက်လက်ပျက်နှင့် တံခါးလက်ကိုင်ကို သွေးရူးသွေးတန်း လှုပ်နေသည်။ ခဏကြာပြီးနောက် ချန်ခေါ့ဘက်သို့ ဗြုန်းခနဲ လှည့်ကြည့်လာသည်။
"ခင်ဗျား ဂက်စ်မီးဖို ပိတ်လိုက်သေးလား"
"ပိတ်လိုက်တယ်"
ကျန်းယွီသော်က သက်ပြင်းချလိုက်ပြီး တံခါးလက်ကိုင်ကို သွားလှုပ်ဖွင့်နေပြန်သည်။
ချန်ခေါ့သည် ကျန်းယွီသော်လက်ပေါ်မှ သွေးစိမ့်ပြီး တစ်စွန်းတစ်စပေကျံနေသည့် ပတ်တီးကိုကြည့်ရင်း ပြောစရာစကားများ ပျောက်ဆုံးနေသည်။ ကျန်းယွီသော်က အသားမနာတတ်သော၊ နာကျင်မှုအာရုံကို မခံစားနိုင်သောသူ ဟု သူအထင်ရောက်နေမိသည်။
"မင်း ဓါတ်လိုက်နေတာလား။ မင်းဒီလို စောက်ရမ်းလှုပ်လိုက်လို့ တံခါးသော့ပျက်သွားရင် ငါမလျော်ဘူးနော်"
ကျန်းယွီသော်က လှုပ်ရှားမှုကိုရပ်တန့်လိုက်ပြီး တံခါးကိုကျောလှည့်မှီလိုက်ကာ သက်ပြင်းချလိုက်သည်။
ချန်ခေါ့သည် လောလောဆယ် မိမိစိတ်ထဲတွင် ဘယ်လိုခံစားနေရသည်ကိုတောင် မသိတော့ပေ။ ဒေါသထွက်လွန်း၍ တွေ့ကရာ တစ်ယောက်ယောက်ကို ဆွဲထိုးချင်နေသည်။ သို့သော် စိတ်ပျက်လွန်း၍ တစ်ကိုယ်လုံးတွင် အားအင်လုံးဝမရှိတော့ဘဲ လက်တောင်မမြှောက်နိုင်နေသလိုလည်း ဖြစ်နေသည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
Fiction généraleဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe