Chapter ● 88 ●
ချန်ခေါ့သည် လေယာဉ်လက်မှတ်မဝယ်ခဲ့ဘဲ အဝေးပြေးဘတ်စ်ကားလက်မှတ်ကိုသာ ဝယ်ခဲ့သည်။
သူသည် မြောင်ကိုလည်း ခေါ်သွားချင်သည်။ လေယာဉ်စီးသွားလျှင် မြောင်ကိုစိတ်မချသောကြောင့် ဘတ်စ်ကားနှင့်သွားရန် ရွေးချယ်လိုက်သည်။
ကျန်းယွီသော်တစ်ယောက် အဝေးပြေးဘတ်စ်ကားစီးချိန်တွင် စိတ်ထဲဖြစ်ပေါ်သောခံစားချက်၊ မြင်ရသောမြင်ကွင်း၊ ကြားရသောအသံ အားလုံးက မည်ကဲ့သို့ဖြစ်နေမည်ကို ချန်ခေါ့သည် အမြဲတမ်း တွေ့ကြုံခံစားကြည့်ချင်နေခဲ့သည်။
သို့သော် ကားပေါ်တက်လာပြီးနောက် သူနောင်တရသွားသည်။ လေလုံးထွားပြီး ဟိတ်ဟန်များခဲ့မိတာပဲ...။
အချိန်အရမ်းကြာလွန်းသည်။ ထို့ပြင် ပတ်ဝန်းကျင်ကသက်သောင့်သက်သာမရှိပေ။ အနံ့အသက်ကလည်း ဆိုးရွားသေးသည်။
သူဝယ်ခဲ့သောလက်မှတ်မှာ ဈေးအကြီးဆုံးလက်မှတ်ဖြစ်သော်လည်း ဘာမှထူးထူးခြားခြားကောင်းမွန်မနေပေ။ မြောင်ကိုထည့်ထားသောအိတ်ငယ်လေးကို ခရီးဆောင်အိတ်ထဲ ထိုးသိပ်မထည့်ခိုင်းဘဲ ကားဆရာက ကားပေါ်ယူလာခွင့်ပေး၍သာ တော်သေးတော့သည်။
ကားပေါ်တက်ပြီး မိမိခုံနေရာကိုရှာတွေ့ပြီးနောက် ချန်ခေါ့သည် နားကြပ်ကိုယူထုတ်ပြီး နားထဲသို့ ထည့်လိုက်ကာ ခေါင်းစောင်းပြီး ပြတင်းပေါက်အပြင်ဘက်ဆီသို့ ငေးကြည့်နေလိုက်သည်။
အမှန်တကယ်တွင် ဤလုပ်ရပ်သည် သူ့အား ကျန်းယွီသော်ကို အပြင်းအထန်သတိရလွမ်းဆွတ်စေသည်။
ကျန်းယွီသော်၏ ပြတင်းအပြင်ဘက်ကို အကဲခတ်တတ်သော အစွဲအလမ်းသည် မိမိ၏မှတ်ဉာဏ်ထဲတွင် ထွင်းထုထားသကဲ့သို့ဖြစ်နေပြီဖြစ်သည်။ ပုံသဏ္ဍာန်အမျိုးမျိုးသောကျန်းယွီသော်ကို စဉ်းစားတွေးတောမိချိန်များတွင် ပြတင်းပေါက်သည် မဖြစ်မနေပါဝင်လေ့ရှိသည်။
သူသည်လည်း တစ်ခါတစ်ရံတွင် ပြတင်းပေါက်အပြင်ဘက်ဆီကို ငေးကြည့်တတ်သည်။ သို့သော်လည်း များသောအားဖြင့် ပျင်းရိငြီးငွေ့၍ သို့မဟုတ် လုံးဝစိတ်မပါသောပြောဆိုဆက်ဆံမှုတို့ကို ရှောင်တိမ်းလို၍သာဖြစ်သည်။ ကျန်းယွီသော်မှာ လုပ်လေ့လုပ်ထရှိသည့်အကျင့်အတိုင်း သတိထားစိတ်ဖြင့် အကဲခတ်ခြင်းဖြစ်သည်။
YOU ARE READING
《ဖြေဆေး》- ဘာသာပြန် 『Completed』
General Fictionဖြေဆေး - ကျယ်ယောက် (ဘာသာပြန်) မူရင်းစာရေးသူ - ဝူးကျယ် / Wu Zhe