အခန်း - ၄

1.4K 135 5
                                    

Chapter ● 4 ●

ချန်ခေါ့သည် မြေအောက်ရထားဘူတာ၏ လမ်းညွှန်မြေပုံရှေ့တွင် ရပ်နေသည်။ စက္ကန့်ပေါင်းများစွာ အချိန်ယူလိုက်တော့မှ ရထား ဘယ်လိုစီးရမည်၊ ဘယ်ဘူတာတွင် ရထားပြောင်းစီးရမည်ကို အကြမ်းအားဖြင့် နားလည်သဘောပေါက်သွားတော့သည်။

ဤသည်မှာ သူ့ဘဝတွင် ပထမဦးဆုံးအနေဖြင့် မြေအောက်ရထား စီးဖူးခြင်းဖြစ်၏။ သောက်ကျိုးနည်းလောက်အောင် လူများလွန်းသည်ကို ညည်းညူရသည်မှလွဲလျှင် ရွှီတင်း၏တိုက်ခန်းအနီးတဝိုက်ရှိ ပထဝီအနေအထားထူးခြားချက်များကို မိမိသိနေသည်ကို ဝမ်းသာနေရသည်။ သို့မဟုတ်လျှင် ဘယ်ဘူတာတွင် ရထားပေါ်မှ ဆင်းရမည်ကိုတောင် သူ သိမည်မဟုတ်။

လူအုပ်နှင့်အတူ ရထားတွဲပေါ်သို့ တိုးကြိတ်၍တက်လိုက်ပြီးနောက် ချန်ခေါ့သည် ရထားတွဲပေါ်ရှိ သံတိုင်တစ်တိုင်ပေါ်သို့ ကပ်နေအောင် တိုးဝှေ့ခံလိုက်ရသည်။ သူ့ဝမ်းဗိုက်မှာ သံတိုင်ကို မြဲမြဲမြံမြံဆုပ်ကိုင်ထားသော အစ်မကြီးတစ်ယောက်၏လက်တစ်ဖက်ကိုတောင် ထိကပ်နေသေးသည်။ သူသည် ထိုအစ်မကြီး၏ ဒေါသထွက်နေသော 'နင် ဘာလို့ ဒီလောက်တောင် အခြေခံအသိစိတ် ခေါင်းပါးပြီးတော့ တစ်ယောက်တည်း တိုင်တစ်ချောင်းလုံးကို အပိုင်စီးချင်ပြီး သူများလက်ကို ဖိထားတာတောင် ဖယ်ပေးဖို့ မသိတတ်ဘူးလား' ဟူသည့်အကြည့်အောက်တွင် ကြိုးစား အသက်ရှူလိုက်ရသည်။ ပြီးနောက် သူ့ကိုယ်ကို နောက်သို့ဆုတ်လိုက်ကာ တိုင်အနားမှ ခွာလိုက်သည်။

ရှည်ကြာသော ဆင်းရဲဒုက္ခကို ဖြတ်ကျော်ပြီးနောက် ရထားပေါ်မှ ဆင်းရန် တစ်ဘူတာသာ လိုတော့သည့်အချိန်ရောက်မှသာ ရထားပေါ် တက်သည့်သူ လျော့နည်းလာသည်။

မြေအောက်ရထားဘူတာမှ ထွက်လာသောအခါ ချန်ခေါ့သည် ခေါင်းငုံ့ပြီး အနွေးထည်အင်္ကျီကို ဆွဲလိုက်သည်။ ခပ်သေးသေး အမွေးဖြူလုံးလေး နှစ်ထွေးသည် လေအဝှေ့တွင် သူ့မျက်လုံးအောက်မှ လွင့်ဝဲ၍ လေနှင့်အတူ ပါသွားလေ၏။

ထိုအခါမှသာ ချန်ခေါ့မှာ မိမိသည် ဤကဲ့သို့ အင်္ကျီအပေါက်ကြီးကို ဝတ်လျက် လမ်းတစ်လျှောက်လုံး လာခဲ့မှန်းကို ရုတ်တရက် သတိထားမိသွားတော့သည်။ လေကာအနွေးထည်အင်္ကျီရှည်၏ ဓားထိုးခံထိထားသောနေရာတစ်ကန့်ရှိ အမွေးပွများမှာ အကုန်လုံးနီးပါး လွင့်ထွက်ကုန်ပြီဖြစ်သည်။ စောစောက လေနှင့်ပါသွားသော အလုံးလေးနှစ်ထွေးမှာ နောက်ဆုံးနှစ်ထွေးဖြစ်လိမ့်မည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now