အခန်း - ၇၇

852 116 11
                                    

Chapter ● 77 ●

ချန်ခေါ့သည် ပထမဦးဆုံးအနေဖြင့် ဤကဲ့သို့ ကမ်းကုန်အောင် အိပ်ရေးပျက်ဖူးခြင်းဖြစ်သည်။ တစ်ညတာလုံးတွင် သူသည် အိပ်မပျော်ခဲ့ဘဲ အိပ်ရာပေါ်တွင် လဲလျောင်းငြိမ်သက်နေခဲ့သည်။

ကျန်းယွီသော်ကလည်း အိပ်ခန်းထဲတွင်ရှိနေခဲ့သော်လည်း မအိပ်နေခဲ့ပေ။

ပြတင်းပေါက်နားတွင်ထိုင်ပြီး အပြင်ဘက်ဆီသို့ကြည့်နေသည်။

ဘာကိုငေးကြည့်နေမှန်း ချန်ခေါ့လည်းမသိပေ။ ဧည့်ခန်းရှိပြတင်းပေါက်မှတဆင့် အပြင်ဘက်ရှိ လမ်းမကိုမြင်ရပြီး အိပ်ခန်းပြတင်းပေါက်မှဆိုလျှင် အပြင်ဘက်တွင် နောက်ဖေးခြံဝန်းရှိသည်။ ခြံတံတိုင်းက အတော်အတန်မြင့်မားပြီး သံတိုင်လက်ရန်းလည်းမရှိပေ။

မွေးနေ့လက်ဆောင်မီးအိမ်ကိုသာ မြင်ရလိမ့်မည်။

ကျန်းယွီသော်က ငေးငိုင်စိတ်လွင့်နေခြင်းမဟုတ်နိုင်ပေ။ သူငေးငိုင်နေလျှင် စီးကရက်သောက်လေ့မရှိပေ။ သို့သော် ယခုတွင် တစ်ညလုံး ဆေးလိပ်သောက်နေသည်။

ကျန်းယွီသော်က ပြတင်းပေါက်ကို အလွန်သတိထားကြီးစွာ အနည်းငယ်ဖွင့်ဟကာ ထိုအဟမှတဆင့် စီးကရက်မီးခိုးများကို မှုတ်ထုတ်သော်လည်း၊ မီးညှိထားသောစီးကရက်ခေါင်းကိုလည်း ပြတင်းပေါက်အပြင်ဘက်သို့ ပို့ထားသော်လည်း၊ အခန်းထဲတွင် ပျံ့နှံ့နေသော ဆေးလိပ်ငွေ့ကို ချန်ခေါ့က ရရှိနေဆဲဖြစ်သည်။

ပုံမှန်အချိန်ဆိုလျှင် ယခုကဲ့သို့သောအခြေအနေနှင့်ကြုံရပါက သေချာပေါက်ကို သူသွားပြီး ထရိုက်မိလိမ့်မည်။ မသောက်လို့မရဘူးလား၊ သောက်မယ်ဆိုလျှင်လည်း အပြင်ထွက်သောက်လို့မရဘူးလားဟု ရန်လုပ်မေးမြန်းမည်ဖြစ်သည်။

သို့သော် ဤတစ်ညလုံးတွင် သူဘာစကားမှမဆိုဖြစ်ပေ။

မနက်ဝေလီဝေလင်းတွင် ကျန်းယွီသော်က အပြင်ဘက်သို့ထထွက်သွားသည်။ မျက်နှာသစ်ဆေးကြောသန့်စင်ရန် ဖြစ်ပုံရသည်။

နောက်တစ်ခါ တံခါးတွန်းဖွင့်ဝင်လာချိန်တွင် ကျန်းယွီသော်၏ အသံတိုးတိုးနှင့် ကျိန်ဆဲလိုက်သံကို ချန်ခေါ့ကြားလိုက်ရသည်။

《ဖြေဆေး》- ဘာသာပြန် 『Completed』Where stories live. Discover now