ရုတ်တရက်ကြီး မောင်းလာတဲ့ကားက ထိုးရပ်သွားကာ ဘယ်လိုမှ စက်ပြန်နှိုးလို့မရတော့ပေ.. ဒီနေ့မှပဲ မြတ်တစ်ယောက် appointmentတစ်ခုကနေ နောက်တစ်ခုဆက်သွားရမှာမို့ ဟိုတယ်က တခြားsalesအဖွဲ့တွေနဲ့ အတူတူမဟုတ်ပဲ တစ်ယောက်တည်းပါဆိုမှ ကားက ဒုက္ခပေးနေပြန်သည်။
appointmentမှီအောင်လို့ လမ်းတွေအရမ်းပိတ်တဲ့ ကားလမ်းမကြီးတွေကို ရှောင်ကာ လမ်းသွယ်လေးတွေကနေ မောင်းလာလို့ အခု ကားရပ်သွားတဲ့နေရာကလည်း လမ်းသွားလမ်းလာရှင်းတဲ့ လမ်းသွယ်လေးထဲ ဖြစ်နေပြန်သည်.. ဖြတ်သွားတဲ့ ကားတစ်စီးစီးကိုပဲ အကူအညီတောင်းရမလား.. ဖေဖေ့ဆီပဲ ဖုန်းဆက်ပြီး လှမ်းပြောရမလားမသိ.. အနီးအနားကအိမ်တွေကလည်း ခြံဝန်းတွေနဲ့ တိတ်ဆိတ်နေကာ လူအရိပ်အယောင်ပင် မမြင်ရ..။
ထိုစဉ် ကားတစ်စီးလာနေတာ မြင်လိုက်ရတော့ အကူအညီတောင်းမလို့ လှမ်းတားမိလိုက်သည်။
"ဟို.. အစ်ကိုတို့.. ကျွန်မကားလေး ဘာဖြစ်လဲမသိ စက်ရပ်သွားလို့ ကြည့်တတ်ရင် တစ်ချက်လောက် ကြည့်ပေးလို့ရမလားဟင်"
ကားပေါ်မှာ လူနှစ်ယောက်ပါလာကာ တားလိုက်မိပြီးမှ နောင်တအကြီးအကျယ်ရလိုက်မိသည်.. လူပုံစံတွေကြည့်ရတာ ပြီတီတီနဲ့ ရိုးရိုးသားသားကူညီတတ်သူတွေ မဟုတ်မှန်း သိသာလွန်းလှသည်။
"အစ်ကိုတို့က ကားတော့ မပြင်တတ်ဘူး ညီမရဲ့.. အကူအညီ လိုနေရင်တော့ ညီမကို အစ်ကိုတို့ ကားနဲ့ခေါ်သွားပေးမယ်လေ.."
"ဟို.. ရပါတယ်ရှင့်.. ကျေးဇူးပါနော်.. အဲဒါဆိုလည်း ညီမ ကားworkshopဆရာကိုပဲ ဖုန်းဆက်ပြီး လာကြည့်ခိုင်းလိုက်ပါ့မယ်"
"ညီမရဲ့ ကားဆရာ လာဖို့က ကြာဦးမှာပေါ့.. ဒီနားမှာ ဒီအတိုင်း စောင့်နေလို့ ဘယ်အဆင်ပြေမလဲ.. လာပါ အစ်ကိုတို့နဲ့ လိုက်ခဲ့လိုက်ပါ.."
"ရပါတယ် ညီမကိစ္စမရှိပါဘူး.. အစ်ကိုတို့ သွားစရာရှိတာ သွားကြပါ.. ကျေးဇူးပါပဲ.."
"လာပါ ညီမရဲ့.. အစ်ကိုတို့ကို အားနာစရာမလိုပါဘူး.. အစ်ကိုတို့က မိန်းကလေးတွေဆိုရင် ကူညီတတ်ပါတယ်.. အဟင်း..ဟင်း.."
အခုမှပဲ မြတ်စိတ်ထဲ ကြောက်စိတ်တွေ ဝင်လာရသည်.. ဒီနားပတ်ဝန်းကျင်မှာ လူရိပ်လူယောင်လည်း မတွေ့ရ.. ဒီလူနှစ်ယောက်ကလည်း တော်တော်နဲ့ နှင်ထုတ်လို့ရမယ့်ပုံမပေါ်.. မြတ် ခြေဖျားလက်ဖျားတွေ အေးစက်လာကာ ကြောက်စိတ်ကြောင့် လက်တွေပါ အနည်းငယ် တုန်ယင်လာသည်..။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner