မနက်ခင်းနေရောင်တို့က မှိတ်ထားတဲ့ မျက်ဝန်းပေါ်ကို တိုက်ရိုက်ဖြာကျနေသယောင် ပတ်ဝန်းကျင်ရဲ့ အလင်းရောင်ကို ခံစားလိုက်ရသည့်ခဏ မြူ့ရဲ့ အသိစိတ်တို့က မနက်မိုးလင်းနေပြီ ဖြစ်ကြောင်း အချက်ပေးနေပြီ ဖြစ်သည်။
သို့သော် ခါတိုင်းနှင့်မတူ မြူ့ခန္ဓာကိုယ်က နွေးထွေးမှုနှင့် လေးလံခြင်းတို့ကို ခံစားနေရသည်... ထို့ထက် ပိုထူးခြားသည်က မြူ့ရဲ့ နဖူးကို လာရောက်ထိခိုက်နေသည့် ခပ်နွေးနွေး အငွေ့အသက်တို့နှင့် ထင်းရှူးနံ့နဲ့ခပ်ဆင်ဆင် ကိုယ်သင်းရနံ့တစ်ခုပင်..။
မျက်လုံးတို့ကို ဖြေးဖြေးချင်းဖွင့်ကြည့်လိုက်တော့ မြူက ကြီးမားကျယ်ပြန့်ပြီး နွေးထွေးတဲ့ ရင်ခွင်တစ်ခုထဲကို ထွေးဖက် သိမ်းပွေ့ခြင်းခံထားရကာ နဖူးက ခပ်နွေးနွေး အငွေ့အသက်တို့ကို မော့ကြည့်လိုက်တဲ့အခါ မျက်ခုံးထူထူ၊ နှာတံစင်းစင်းနဲ့ ထောင့်ချိုးကျတဲ့ မေးရိုးတွေနဲ့ အနားသတ်ထားတဲ့ အကို့ရဲ့ ခပ်ချောချော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
မြူနဲ့ အကိုက လက်ထပ်ပြီးကတည်းက အခုလို တစ်ကုတင်ထဲ အတူတူ အိပ်တာက ရက်ပိုင်းပဲရှိသေးတာမို့ မြူ့အတွက်တော့ ရှက်သွေးဖြာနေရဆဲ.. ခပ်ရှိန်းရှိန်းခံစားချက်တို့က တစ်ကိုယ်လုံးအနှံ့ သွေးကြောတွေက ဖြတ်သန်းစီးဆင်းသွားလေသည်.. အနည်းငယ်ရုန်းကြည့်သော်လည်း ကြီးမားသန်မာသော လက်တွေက မြူ့ကို ရုန်းထွက်ဖို့ အခွင့်အရေးမပေးနေ..။
အတင်းရုန်းကန်မိလို့ အကိုနိုးသွားမှာလည်း စိုးရိမ်ရသည်.. မြူဆေးရုံတက်နေသည့် ဒီ၂ရက်တာအတွင်း အကို မြူ့အတွက် ဘယ်လောက် စိတ်ပူပြီး ဘယ်လောက်တောင် မျက်စိအောက်က အပျောက်မခံ ဂရုစိုက်ခဲ့လဲ မြူအသိဆုံးပင်..။
လေးလေးတို့ကို အသိမပေးပါနဲ့လို့ အကို့ကိုတောင်းဆိုခဲ့လို့ ဘယ်သူမှ ဆေးရုံကို သတင်းမေးမလာရောက်ခဲ့တဲ့ ဒီ၂ရက်လုံး အကိုက တစ်ချိန်လုံးအနားမှာ ရှိနေပေးခဲ့လေသည်.. ဖိုးဇော်တို့ တိုးတိုးတို့က ဆေးရုံစောင့်ပေးမှာမို့ ခဏဖြစ်ဖြစ် အိမ်ပြန်အနားယူဖို့ ပြောတာတောင် အကိုက လုံးဝမပြန်ခဲ့ပေ။
YOU ARE READING
မြူတွေဆိုင်းတဲ့ ချစ်ခြင်း
Romanceနှင်းမြူ... မင်းက နာမည်နဲ့လိုက်အောင် ငါ့ဘဝကို ပိတ်မှောင်စေခဲ့တာပဲ သတိုး ညီမလေးရဲ့ဘဝလေး အေးချမ်းပျော်ရွှင်ဖို့ ဒီတစ်ဘဝလုံးစာ ကိုကို ပေးဆပ်ပါ့မယ် ညီမလေး... မင်းသန့်ရာဇာ Own creation story, credit to cover photo owner