အပိုင်း (၆၃)

4K 61 0
                                        

"မြူရေ.. မြန်မြန်ချိုးလေကွာ.. ရေချိုးခန်းထဲဝင်သွားတာ ကြာနေပြီ.. အအေးပတ်မယ်လေ.."

ဒါကတော့ ဒီရက်ပိုင်းအတွင်း တစ်အိမ်လုံးရဲ့ အိမ်ရှေ့၊ အိမ်နောက် မကျန် နေရာအစုံကနေ ကြားနေရတဲ့ သတိုးရဲ့ အသံသာ ဖြစ်တော့သည်.. အိမ်ရှေ့လည်း အိမ်ရှေ့မလို့၊ အိမ်နောက်လည်း အိမ်နောက်မလို့ ဟိုဟာမလုပ်ရ၊ ဒီဟာ မလုပ်ရနဲ့.. အဖြစ်သည်းနေသော ဖေဖေပေါက်စဖြစ်လေသည်။

ဂျောက်..

ရေချိုးခန်းတံခါးဖွင့်လိုက်သည်နှင့် ရေချိုးခန်းအရှေ့မှာ မျက်နှာသုတ်ပဝါကိုင်ပြီး အဆင်သင့်စောင့်နေသော အကို့ကို တွေ့လိုက်ရသည်.. အကိုက မြူ့ကိုမြင်တာနှင့် မျက်နှာသုတ်ပဝါကို ပုခုံးထက် ခြုံပေးပြီး မှန်တင်ခုံရှေ့က ထိုင်ခုံတွင်ထိုင်စေလိုက်သည်.. ပြီးတာနှင့် မျက်နှာသုတ်ပဝါ အသေးတစ်ထည်ယူကာ မြူ့ဆံပင်တွေကို သုတ်ပေးလေသည်..။

"..."

"ငြိမ်ငြိမ်လေးထိုင်နေပါ.. ကို သုတ်ပေးမယ်.. ပြီးရင် dryerလည်း မှုတ်ပေးမယ်.. နို့မို့ဆို ဆံပင်တွေမခြောက်ပဲ ဖျားနေဦးမယ်."

ကိုယ့်ဖာသာကိုယ် သုတ်မယ်ဆိုလည်း မရ.. အတင်းတွေသုတ်ပေးနေပြန်သည်.. မြူလည်း မှန်ထဲက မြင်နေသည့် အကို့မျက်နှာ ချောချောကိုသာ ကြည့်နေလိုက်တော့သည်..။

အခုဆိုရင် မြူ့မှာ ကိုယ်ဝန်ရှိနေတာ နှစ်ဖက်မိဘတွေ သိသွားကြတော့ အန်တီသူဇာနှင့်ခက်ခက်ကလည်း တစ်ရက်ခြားတစ်ခါလောက် မြူစားချင်လောက်မယ့် ဟင်းတွေချက်ပြီး ယူလာပေးကြသည်.. လေးလေးကတော့ မြူ့ကို အချိန်တိုင်း နေလို့ကောင်းလား၊ ဘာစားချင်လဲ စသည်ဖြင့်  messageတိုလေးတွေပို့ကာ လှမ်းမေးတတ်သည်.. တခါတရံလည်း အန်တီသူဇာနှင့် အတူတူ မုန့်တွေဝယ်ပြီး လာတတ်သည်.. အကို့ ဒယ်ဒီကလည်း ရုံးအပြန် စားစရာတွေ ဝယ်လာပေးတတ်သည်.. တချို့ရက်တွေဆို မနက်ရုံးမသွားခင် မနက်စာဝယ်လာပြီး မြူတို့နဲ့ အတူတူစားကာ ရုံးသွားတတ်သေးသည်..။

အိမ်မှာလည်း အိမ်အလုပ်တွေကို တိုးတိုးက မြူ့ကို ဘာတစ်ခုမှပေးမလုပ်.. တိုးတိုးမောင်လေး စိုးစိုးကလည်း ကျောင်းပိတ်ထားတော့ နေ့တိုင်း ပါလာတတ်ပြီး သူတို့ မောင်နှမနှစ်ယောက်သာ အိမ်အလုပ်တွေ သိမ်းကြုံးလုပ်ကြသည်.. ဖိုးဇော်ကတော့ အကို့မန်နေဂျာရာထူးကနေ ကားdriver ရာထူးသို့ပြောင်းသွားပြီ.. အကြောင်းကတော့ အကိုက အပြင်သွားရင် သူကိုယ်တိုင် ကားမမောင်းတော့ပဲ မြူ့ဘေးမှာပဲထိုင်ကာ အရိပ်တကြည့်ကြည့်..။

မြူတွေဆိုင်းတဲ့ ချစ်ခြင်းWhere stories live. Discover now