19

6K 902 40
                                        

Unicode Ver

၁၉။ အိမ်ထောင်ရေးကံဆိုးလို့

နဥ်ရှုက အခန်းထဲက လူတွေကို ကြည့်လိုက်သည်။ အခန်းထဲတွင် လူအများကြီး ရှိနေသည့်အခါ မျက်စိနောက်ရသလို ကျန်းအဖေကြီး၏ ဆေးလိပ်ကြီးမှ အငွေ့တို့ကလည်း အခန်းထဲတွင် ပျံလွင့်နေသည်။

ကျန်းကျားဆန်း၏ အမေကိုကြည့်လိုက်ပြန်တော့လည်း သူမသည် ချောင်းဆိုးပြီးနောက် သလိပ်တို့ကို အဖြူရောင်ကြမ်းခင်းအပေါ်သို့ ထွေးချနေသည်။

ဒီလိုလူကြီးများနှင့် ကလေးတို့ဖြင့် တစ်အိမ်တည်း အတူနေရကာ ရေချိုးခန်းကိုပါ အတူသုံးရမည်ကို တွေးမိသည့်အခါ နဥ်ရှုသည် ခေါင်းခါမိလိုက်သည်။
'ဘဝကြီးမှာ ဒီလောက်အထိ သွေးတက်ပြီး မနေနိုင်ဘူး'

ကျန်းကျားဆန်းအတွက်တော့ သူ့ကိုပြုစုပျိုးထောင်ပေးရမည့်သူများကို ပြန်ကျေးဇူးဆပ်သင့်ပါသည်။ ကျန်းကျားဆန်းသည် အခုအောင်မြင်နေကာ နာမည်ရှိလာသဖြင့် ကျေးဇူးဆပ်ချိန် တန်လေပြီ။

သို့သော်လည်း သူ့မိသားစု၏ အရာရာကို သူကိုယ်တိုင် တာဝန်ယူပေးချင်နေသည်။ သူ့အမကြီးကိုတောင် ဒီကိုခေါ်လာသေးသည်။
'တစ်မိသားစုလုံးကို သူတစ်ယောက်တည်းက ခေါင်းခံမလို့လား?'

မူလကိုယ်သာဆိုလျှင် ဒီတစ်မိသားစုလုံး၏ ဒဏ်ကိုခံလိမ့်မည်။ ဒါပေမယ့် နဥ်ရှုကတော့ အခုအချိန်မှာ ဒေါသတွေ ပေါက်ကွဲထွက်မသွားအောင် စိတ်နှလုံးစင်ကြယ်စေသည့်ဂါထာကိုသာ ရွတ်ဖတ်နေသည်။ သူမ၏အမြင်ကို ကျန်းကျားဆန်းအား ထုတ်လည်းမပြောပေ။
'ဒီအကောင်စုတ်က တစ်ကိုယ်ကောင်းဆန်လွန်းတယ်!'

သူမသည် အသက်ဝဝရှုပြီးနောက်
"ရှင့်အမကြီးတို့ မိသားစုကရော ဒီမှာနေချင်နေတာလား?"

ကျန်းကျားဆန်းက နဥ်ရှု၏လက်ကို ဆုပ်ကိုင်လိုက်ကာ ညင်သာစွာ
"ကိုယ့်အမကြီးတို့ မိသားစုက ခက်ခဲနေလို့ပါ။ ကိုယ့်ယောက်ဖက အားကိုးရတဲ့သူမဟုတ်ဘူး။ လောင်းကစားကလည်း စွဲနေသေးတော့ အမကြီးက သူ့ကိုမြို့ကို ခေါ်လာပြီးတော့ တည်ငြိမ်တဲ့ အလုပ်လေး ရစေချင်တာ။ အမကြီးက ကိုယ့်အပေါ်မှာ တကယ်ကောင်းခဲ့တာ။ တက္ကသိုလ်တက်တုန်းက ငွေကိုသူပဲ ထောက်ပံ့ပေးတာများတယ်။ ဒါပေမယ့်  အိမ်ထောင်ရေးကံဆိုးလို့သာ။ သူလည်း ဒီမှာရောက်နေတော့ အဖေနဲ့အမေကိုကူညီပြီး စောင့်ရှောက်ပေးနိုင်တာပေါ့"

ဇာမဏီလိုကောင်စုတ်/ဇာမဏီလိုကောင်စုတ် (Realm 14)Donde viven las historias. Descúbrelo ahora