အပိုင်း-(၂)

81.5K 8.3K 2.5K
                                    

ပြာလဲ့လဲ့အဆင်းထင်သော မြစ်ပြင်ကျယ်ဟာမြောက်ဘက် တောင်တန်းဆီမှ စီးဆင်းလာသည်။ မြင်နေရသော အဝေးက တောင်ကုန်းကြီးများမှာ စိမ်းညို့နေသော်လည်း များမကြာမီက တောမီးကြောင့် အချို့နေရာပိုင်းများတွင် မည်းညစ်ညိုလျက် ကွက်ကြားနေရှာသည်။

ရေကြည်လှိုင်းများက ခြေချထားရာမြစ်စပ်ဆီမှ မြေမှုန်စလေးများကို လာရောက်ပွတ်တိုက်သည့်အခါ ကြက်ပေါင်ဖိနပ်ထောင့်စွန်းလေးဝယ် ရွံ့နယ်တို့ ကပ်ညှိဖြစ်တည်လာ၏။ ထိုဖိနပ်သားရေပြားပေါ် မှ ခြေချောင်းတို့က အဆောင်အယောင်နှင့် မအက်စပ်စွာ ဖြူဆွတ်ရှင်းသန့်လျက် ပြေပြစ်လွန်းလှသည်။ နူးညံ့လှပ၍ မိန်းမဆန်နေတာမျိုးမဟုတ် ၊ ခြေဖမိုးနှစ်ဖက်ဆီတွင် အမွှေးအမျှင်အကျဉ်းက နေရာယူလျက်ရှိပြီး သွယ်ပျောင်းသော ခြေချောင်းများမှာတော့ တိတိရိရိ ပိုင်းဖြတ်ထားသော ခြေသည်းကြည်များနှင့် ပနံ့သင့်နေသည်။ ကြက်ပေါင်ဖိနပ်ဆင်ထားသော ခြေထောက်တစ်စုံတွင်တောင် ဒီမျှခန့်ညားမှုကိန်းအောင်းနေပါက ဤဖြစ်တည်မှု၏ အရှိန်အဝါအလုံးစုံကို သုံးသပ်လို့ငှာ ကြီးလေးလှပါသည်။

သက်မဲ့ဟူသည့် အတိုင်း အလိုက်ကန်းဆိုးမသိစွာ လာပုတ်ခတ်သည့် လေညှင်းများက နဖူးပေါ်ရှိ ကောက်ချိတ်ချိတ်ဆံသားအထွေးပေါ်သို့ အဆုန်အစုန်ကျရောက်လာသည်။ ရှေ့ဆံပင်များက ရှည်လို့ထင် ၊ ခပ်စူးစူးမျက်ဝန်းများသို့ လာလာအုပ်၏။

"ငါ-ိုး!"

တစ်ကိုယ်တည်း ကျိန်ဆဲရေရွတ်ရင်း လက်ကောက်ဝတ်မှ သားရေကွင်းနီနီကို ဆွဲကာဖြုတ်၍ ထိုဆံပင်ကောက်များကို စုစည်းကာ ချည်နှောင်နေလိုက်သည်။ ဖြောင့်စင်းမနေသည့် ဆံစများကြောင့် ကြက်တောင်စည်းက တဖြောင်းတည်းသွားမနေဘဲ လုံးထွေးကာ နဖူးထက်ဝယ် ဆံထုံးလုံးကဲ့သို့ ဖြစ်နေ၏။

"ကိုသစ်!"

မြင်ဖူးနေကျ ရှုခင်းကို ငေးနေစဉ်မှာတွင် နောက်ပါးဆီမှ လှမ်းခေါ်သံတစ်စုံ။ ထိုင်နေရာ သစ်ငုတ်တိုမှ ထရပ်လို့ ခေါ်သံဆီ လှည့်ကြည့်လိုက်သည်။ ပုဆိုးတိုတိုဝတ်ထားသော ကောင်ငယ်လေးက မိမိကို ရှာတွေ့သဖြင့် ဝမ်းသာသွားဟန် အနားသို့ ပြေးလာ၏။

Swamping with Intimacy (Season2)Where stories live. Discover now