ခန့်ဦးရှိန်နှင့် သိုက်မင်းဆက်တို့ရဲ့ ရည်းစားဖြစ်ခါစနှစ်က သင်္ကြန်ကာလဖြစ်ပါတယ်။
••••
ပေါက်ပေါက်ဆုပ်ကို ဖောက်ဖောက်မြည်အောင် စားနေသော သားဖြစ်သူကြောင့် ဦးခန့်ညားက အလုပ်မှာ အာရုံစိုက်၍ မရ။ အိမ်ကို မလာစဖူး အလာထူးနေသဖြင့် သည်ကောင်လေးမှာ တစ်ခုခုတော့ ရှိရမည်။
"ဟေ့ .. ခန့်ဦးရှိန်"
IPad သုံးလျက်က သူခေါ်တော့ သားက မျက်ခုံးပင့်ပြသည်။ ဆိုဖာပေါ်မှာ ပေါက်ပေါက်ဆုပ် အစတွေ ပေပွနေ၏။ ပရမ်းပတာကောင်။
"မင်း ရည်းစားနဲ့ ရန်ဖြစ်ထားတာလား"
ထင်သည်ကို မေးသော် ခန့်ဦးရှိန်ဟာ မလုံမလဲ မျက်နှာပျက်ရသည်။ ပြီးမှ ခေါင်းရမ်းပြ၏။ အကယ်၍ အတည် ရန်ဖြစ်ထားသည်ဆိုလျှင်တောင် အဖေဖြစ်သူကိုတော့ ပြောပြမည်မထင်သဖြင့် ဦးခန့်ညား ဖာသိဖာသာ နေလိုက်သည်။
ဤသို့ဖြင့် သားအဖနှစ်ဦး အာရုံကိုယ်စီနှင့် ထိုင်နေဆဲတွင် တံခါးဝမှ ဝင်လာသော ခြံစောင့်ကောင်လေးကို တွေ့လိုက်ရသည်။ ထိုကောင်လေးက ဦးခန့်ညားထိုင်နေရာသို့ ကိုယ်ကို ညွှတ်၍ ရိုသေစွာ အသိပေး၏။
"ဒေါက်တာသိုက်မင်းဆက် ရောက်နေလို့
အကိုကြီး"သိုက်မင်းဆက် ဟူသည့် အသံကို ကြားရာ၌ မျောက်မနှင့် စပ်၍ မွေးထားမိသလား ထင်ရသော ခန့်ဦးရှိန်မှာ နေရာမှ ခုန်ထ၍ ဆိုဖာနောက်သို့ ထိုင်ချကာ ဝင်ပုန်းလိုက်၏။ သူ့ ခန္ဓာ ကလန့်ကလားက ဆိုဖာစွန်းမှာ ထွက်နေသည်ကိုလည်း သတိထားမိပုံမပေါ်ပါ။
"ခန့်ဦးရှိန် .. မင်းဘာထဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး ဒယ်ဒီ .. သိုက်လာရင် ကျွန်တော် မရှိဘူးလို့ပြောလိုက်"
"ငါ့နှယ်"
ဦးခန့်ညားက ပြောင်တောင်တောင်ရယ်၍ ဒေါက်တာသိုက်မင်းဆက်ကို ဝင်ခွင့်ပေးရန် ခွင့်ပြုလိုက်သည်။ မကြာပါ။ တီရှပ်အပွကို ပုဆိုးထဲ ထည့်ဝတ်ထားသော ဆရာဝန်က ကသောကမြော ဝင်လာ၏။
"အဖေ .. ကိုကို သည်မှာရောက်နေလား"
ထိုကလေးဟာ ခန့်ဦးရှိန်နှင့် ရည်းစားစဖြစ်ကတည်းက သူ့ကို အဖေဟု ရဲတင်းစွာ ခေါ်ခဲ့သည်။ ထားပါ။ ဒါက ကိစ္စမဟုတ်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)