အပိုင်း-(၇)

71.3K 8K 1.1K
                                    

"ကိုကို...."

သူကြီးအိမ်၏ ခြံစည်းရိုးစပ်၌ လူသုံးယောက် အချေအတင်ဖြစ်နေကြသည်။

စောင်းလုယာနှင့် အိမ်ပြန်မည်ဟန်ပြင်နေသော ကိုကိုသည် ဆွဲကိုင်ခံထားရသော လက်ဖမိုးတစ်ဖက် ကြောင့် မျက်မှောင်ကို စိတ်ပျက်စွာ စုကျုံ့ရင်း ဒေါသထွက်နေသည်။ ရုန်းရင်းဆန်ခတ်မဖြစ်ချင်၍ အသာခါထုတ်နေသော်လည်း မြဲမြံ့သော လက်ချောင်းများကြားမှ လွတ်မြောက်နိုင်ရိုးမရှိ။

"ဘာကိစ္စရှိသေးလို့လဲ?"

အဖြေမရှိသော စကားတို့ကြောင့် မင်းဆက် အံကိုကြိတ်ထားမိသည်။ ဒါဘယ်လိုအမေးလဲ။

"ကျွန်တော် ကိုကိုနဲ့ လိုက်ခဲ့မယ်..."

"ကျစ်...ဘာလို့လိုက်ခဲ့မှာလဲ?"

"သူနဲ့စိတ်မချလို့..."

လုယာထံ ခပ်တည်တည်ကြည့်၍ ဆိုလိုက်သည်။

"ကျွန်တော်က ဘာစိတ်မချစရာရှိလို့လဲဗျ။ စိတ်မချချင်း စိတ်မချ ဆရာ့ကိုသာ စိတ်မချရမှာ။ ခုမှ ပေါ်လာပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဘယ်ပျောက်နေသလဲ?"

ချစ်သူ ဖြစ်စေချင်တဲ့ ပညာရေးကို ကြိုးစားရင်း ရူးနှမ်းနေခဲ့တာလို့ပဲ ဖြေရမလား။ ထိုတစ်နှစ်ကျော်ကာလသည် အလဟာဿ တိုက်စားခံရခြင်းတော့ မဟုတ်တန်ရာ။

"မင်းယုံစရာမလိုဘူး။ ကိုသစ်တောယုံဖို့ပဲ အရေးကြီးတယ်။"

ကိုယ့်ကိုယ်ကိုယ် အားကိုးမှုဖြင့် ရဲတင်းစွာ လျှောက်လဲပြီးကာမှ "ငါ့ကိုလွှတ်"ဟူသော အသံတိုးတိုးနှင့်အတူ သူ့လက်ချောင်းများကို အတင်း ဖယ်ချခြင်းခံလိုက်ရသည်။ မင်းဆက်၏ ဖျတ်ခနဲ စိုက်ကြည့်လိုက်သော အကြည့်၌ မျက်သားတို့ ရဲကောင်းရဲနေနိုင်သည်။ ကိုကို လန့်သွား၏။

"ကိုကို..."

မနေနိုင်စွာ အနီးသို့ ခြေတစ်လှမ်းကပ်လိုက်သည့်အခါ ခန့်အပ်မထားပါသော ကိုယ်ရံတော်က သူနှင့်ကိုကို့ကြား နေရာဝင်ယူလေ၏။

"ကိုသစ်ကို အတင်းအကြပ်မလုပ်ပါနဲ့ ဆရာ။"

"ကိုကို ကျွန်တော့်ကို မမှတ်မိလဲရတယ်။ ဒါပေမဲ့ မစိမ်းနဲ့။ ကျွန်တော်က ကိုကို့ဘဝမှာ အရေးကြီးတဲ့သူဖြစ်ကြောင်း ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင် ကိုကိုက ပိုသိတယ်..."

Swamping with Intimacy (Season2)Where stories live. Discover now