အပိုင်း-(၄)

65.8K 7.5K 1.2K
                                    

"ကျန်းမာရေးဂရုစိုက်ပါနော် မေကြီး"

လက်ဖမိုးကို ဖွဖွဆုပ်ကိုင်ရင်း အားပေးတော့ မေကြီးက မျက်ရည်ဝဲချင်သော မျက်တောင်များကို ခပ်မြန်မြန်ပုတ်ခတ်၏။ မင်းထက်ကိုတော့ သွားမနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်သည်။ အဆောင်မှာ စာကျက်နေရမည့်ကလေးကို သူ့ကြောင့်အာရုံမနောက်စေချင်။

"ဦးရှိန်လေးကို တွေ့အောင် ရှာခဲ့နော် သား"

သူ့ခေါင်းကို လက်ချောင်းများဖြင့် အုပ်ကိုင်ရင်း ဆိုသော စကားကြောင့် မင်းဆက်ပြုံးမိပါသည်။ မေကြီးနှင့်သူဟာ အမြဲတစ်ထပ်တည်းကျနေခဲ့သည်။ သူ့ကိုသိပ်ချစ်သည့် အမေဖြစ်သူအား ခွာ၍ အိမ်ခွဲနေနေရခြင်းကိုပင် အားနာမိ၏။

"မင်းဖေကြီးကို နှုတ်ဆက်သွားလိုက်အုံးလေ"

အိမ်ရှေ့တွင် ကြိမ်ကုလားထိုင်ဖြင့် သတင်းစာထိုင်ဖတ်နေသော ဦးသိုက်ညွှန့်ဆီသို့ မေးဆတ်ပြလာတွင် မင်းဆက် မျက်နှာကွက်ခနဲပျက်သွားသည်။ အကြောင်းသိသည့် ဒေါ်မြတ်သူမှာတော့ သက်ပြင်းတစ်ချက်ချပြီး ဘာမှထပ်ဆိုမလာ။

ဖေကြီးနှင့်သူ၏ ဆက်ဆံရေးက ပြတ်ထွက်တော့မည့် ကြိုးတစ်မျှင်လို။ မင်းဆက် မိဘအိမ်ခဏလာတိုင်း အိမ်ဦးနတ်ကို မျက်ကွယ်ပြုပေါင်းများလှပြီ။ ထိုသို့မှမလုပ်လျှင်လည်း မင်းဆက်အတွက် အဆင်မပြေ ၊ ဖေကြီးကို မြင်တိုင်း ကိုကို့ကို လွမ်းဆွတ်သည်...အားနာသည်...ကရုဏာသက်ရသည်။ ထိုခံစားမှုများကြောင့် ဖေကြီးကို ပိုပိုမုန်းတီးလာမိ၏။ ဖြစ်မှန်းမသိ ဖြစ်လာခဲ့သော သားမိုက်တစ်ယောက်ဘဝအား မင်းဆက် ကျေကျေနပ်နပ်ခံယူထားပါသည်။

Luggage ကို ဆွဲကိုင်၍ ဖေကြီးထိုင်နေရာ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ ကြိမ်ကုလားထိုင်နားအရောက် တိခနဲ ရပ်ချပစ်လိုက်သည့် လှုပ်ရှားမှုကို ဖေကြီးမြင်မှာပါ။

သတင်းစာကိုကိုင်ထားသော်လည်း ဖတ်မနေခြင်းဟာ အိမ်ထဲမှ သားအမိနှစ်ယောက်၏ စကားများကို မမှီမကမ်းနားစွင့်နေရသောကြောင့်ပေ။ ထိုကောင်လေး ခြေတစ်ချက်လှမ်းတာနဲ့ သူတစ်ခါသွေးပျက်ရသည်။ မိမိရှေ့တွင် တန့်နေသော Sneaker အဖြူလေးကို သတင်းစာရွက်ကိုကျော်၍ မြင်နေရသည်။ ဦးသိုက်ညွှန့်မျက်ဝန်းတွေ စိုစွတ်လာသည်။

Swamping with Intimacy (Season2)Where stories live. Discover now