မွေ့ယာထဲ အလေးချိန်တစ်ခု အိခနဲ နစ်ဝင်လာမှုသည် ခန့်ဦးရှိန်၏ မျက်လွှာများကို ပင့်စေ၏။ မျက်တောင်ဖျားတွင် ခုန်ကျချင်သော မျက်ရည်စတို့ကို ပုတ်ခတ်သိမ်းဆည်းလိုက်ပြီး ကျောနောက်က သိုက်၏ အခြေအနေကို မှန်းဆမိသည်။ ခြင်ထောင်ကို ချပြီး မွေ့ယာထောင့်များကို လိုက်လံ ဖိ ၍နေသည်။ ဒီကောင်လေးက ပုံမှန်ဆို ခြင်ထောင်နှင့် မအိပ်တတ် ၊ သူလာမှ ခြင်ထောင်ထုတ်၍ ကုတင်တိုင်ပေါ် ပြင်တင်ထားသည်။ မည်မျှပင် ခြင်ပါးသော ဝန်းကျင်ဖြစ်ပါစေ သူကတော့ သိုက်ကို ညတိုင်းခြင်ထောင်ထောင်အိပ်စေချင်သည်။
အသက်ရှုသံမျှင်းမျှင်းက သူနှင့် အနည်းငယ် ဝေး၏။ သိုက်က ပက်လက်အိပ်နေပုံရသည်။
သိုက်က သူ့ကိုယ်ပေါ်က စောင်ကို အစွန်းမှ ဆွဲယူကာ ခြုံလေသည်။ သူနှင့် အတူအိပ်လျှင် စောင်သီးခြားမခြုံတတ်တာ ဒီကောင်လေး၏ အကျင့်ပေ။
ထွက်သက်ငွေ့တို့က သူ့ကျောကို ပူးခတ်နေသလို ခံစားမိသည်။ ဒါဖြင့် သိုက်က သူ့ကျောရှိရာ လှည့်၍ အိပ်နေတယ်ထင်၏။
ချစ်သူ၏ ရင်ငွေ့ကလေးတောင်မှ မရသည့် အနေအထားမှာ ခန့်ဦးရှိန် အိပ်မပျော်နိုင်ပါ။ ထို့ပြင် မအိပ်ခင် သိုက် သူ့ကို ရှောင်သွားသည့်ပုံရိပ်သည် ရင်ကို နစ်မွန်းနာကျင်စေသည်။ သူ့ကိုများ မလိုချင်တော့ဘူးလား ၊ မချစ်တော့ဘူးလား စသဖြင့် လား ပေါင်းစွာသော မေးခွန်းများနှင့် ယောက်ျားတန်မဲ့ မငိုမိအောင် မနည်းအားတင်းထားခဲ့ရသည်။
မိုးက အငြှိုးနှင့် ရွာဆဲ သည်းဆဲ။ ပြင်ပမြင်ကွင်းကမူ မှုန်ရီဝိုးဝါးနေလျက်ရှိပြီ။
အသက်ရှုသံလေးက ပုံမှန်ကျနေသည်။ သူ နောက်သို့ နှေးနှေးလှည့်ကြည့်လိုက်မိ၏။ သူ့ဖက် လှည့်နေသော သိုက်အား ကလေးတစ်ယောက်လို ဖြစ်သော အိပ်စက်ခြင်းမျိုးနှင့် မြတ်နိုးစွာ တွေ့လိုက်ရသည်။ မျက်တောင်ရှည်တို့က ပိတ်ထားသော မျက်ခမ်းပေါ် စင်းကျနေကြသည်။ နှာတံချွန်လေးနှင့် နှုတ်ခမ်းပါးတို့သည်လည်း ချစ်စဖွယ် ငြိမ်သက်ကာနေ၏။
ပါးပြင်တစ်ဖက်က ခေါင်းအုံးပေါ် အိကျနေရာ သိုက်သည် သူ၏ ရင်မှဖြစ်သော ကလေးလေးနှင့်ပင် တူနေသည်။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)