ချစ်သူဖြစ်ခဲ့သည့် အစောပိုင်းရက်များထဲမှ တစ်ရက်တွင် မင်းဆက်သည် ကိုကို့အား အကြီးအကျယ် စိတ်ဆိုးဖူးသည်။
ထိုနေ့တွင် မင်းဆက်သည် meeting ၌ presentation လုပ်ရန် တာဝန်ကျခဲ့သည်။ ညပိုင်းတွင် ကိုကို့ဆီ လာအိပ်၍ စာဖတ်ခဲ့သဖြင့် မနက်ပိုင်းမှာ ကိုကိုက ကျောင်းလိုက်ပို့ပေးသည်။ အိပ်ရေးမက်သော ကိုကိုဟာ အစောထ၍ မညည်းမညူ လိုက်ပို့ပေးခဲ့သည့်အတွက် မင်းဆက် အလွန်ကျေနပ်နေမိသည်။
"မုန့်စားချင်သေးလား သိုက်"
ကိုကိုက ဆိုင်ကယ်မောင်းနေရင်း သူ့ ခါးပေါ်က မင်းဆက်လက်များကို ဆုပ်ကိုင်၍ မေးသည်။ မင်းဆက်က ခေါင်းရမ်းပြရင်း ကိုကို့ ကျောပြင်မှာ မီချလိုက်၏။
"အိမ်ရောက်ရင် ပြန်အိပ်အုံးနော် "
"အေးပါ .. စာတွေ သေချာရပြီလား"
"ရပြီ ကိုကို"
မင်းဆက်က ဂျူတီကုတ်ကို လက်မှာ ချိတ်ရင်း စာအချို့ကို recall ပြန်လုပ်နေသည်။ ထိုစဉ် မီးပွိုင့်မိသဖြင့် ကိုကိုက ဆိုင်ကယ်ကို ရပ်လိုက်သည်။
"ကောင်လေးက ချစ်စရာလေးကွ"
တစ်ဖက်ဆိုင်ကယ်ဆီမှ ကြားရသော အသံကြောင့် မင်းဆက် ကျောပြင် မတ်ခနဲ ဖြစ်သွားသည်။ ကောင်လေးဆိုသည်မှာ မိမိအား ပြောနေသည် ဖြစ်ကြောင်း နားလည်လိုက်သဖြင့် အနည်းငယ် နေရခက်သွား၏။
ဆိုင်ကယ်ရပ်နေရသည့် ခဏလေးမှာပင် ထိုနှစ်ကောင်ဆီမှ ခိုးခိုးခစ်ခစ်ရယ်သံများကလည်း ရိသဲ့သဲ့ ထွက်လာရာ မင်းဆက် စိတ်ရှုပ်နေမိသည်။ မိမိ အရှေ့မှ တိတ်ဆိတ်နေသည့် ကိုကို့ကိုလည်း စိတ်ပူသည်။ အတိုင်းထက်အလွန် ငြိမ်သက်နေ၍ ပိုမို စိတ်ပူမိခြင်း ဖြစ်သည်။
"ကိုကို ဂရုစိုက်မနေနဲ့နော်"
"ဆရာ .. ဆရာ ကျွန်တော့်ကို မှတ်မိလား"
တစ်ဖက်ဆိုင်ကယ်ဆီမှ မင်းဆက်အား အတိအကျ လှမ်းနှုတ်ဆက်လာသည်။ မင်းဆက်လည်း လူနာအထင်နှင့် အနောက်ခုံက ထိုကောင်လေးအား လှည့်ကြည့်လိုက်မိ၏။ တစ်ခါမှ မမြင်ဖူးသော ရုပ်ရည်ကြောင့် ခေါင်းရမ်းပြမိတော့ ထိုကောင်လေး၏ မျက်နှာတွင် ပြီတီတီအပြုံးတစ်ခု ပေါ်လာ၏။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)