အပိုင်း-(၅၃)

57.7K 6.4K 3.5K
                                    

သူ အိမ်ထဲ ဝင်လျှင်ဝင်ချင်း ကလေးမြူသံ တစ်ရပ်ကို ကြားလိုက်ရသည်။ အသံမပေးဘဲ တံခါးအကွယ်မှာ သူက ရပ်ကြည့်မိသည်။

အိပ်ပျော်နေသော သားကို လုယာက ပွေ့ချီလျက် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။ ဒါဖြင့် ကိုကိုကရော။ ကိုကိုက ဆိုဖာတွင် ထိုင်ပြီး ရုပ်ရှင်ကြည့်နေသည်ကို လှမ်းမြင်ရသည်။

မြင်ကွင်းက မထူးဆန်း။ ထူးဆန်းသည်က သူ။ သူ ဘာကိုမှန်းမသိ မနှစ်မြို့ဖွယ် ခံစားနေရသည်။

ထိုစဉ် ကိုကိုသည် ဆိုဖာမှ ထ၍ သားရှိရာကို လှမ်းသည်။ လုယာ၏ လက်ထဲက သားကို ကိုကိုက ငုံ့ကြည့်သည်။ ကိုကို့ နှုတ်ခမ်းများမှာ နှစ်ခြိုက်စွာ ပြုံးနေသည်။

ဘုတ် ..

သူ၏ အနက်ရောင် လက်ဆွဲအိတ်မှာ လက်ချောင်းများကြားမှ အောက်သို့ လွှတ်၍ ကျသွားသည်။

ကိုကို့အကြည့်မှာ သူ ရပ်နေရာ သို့ ရောက်လာ၏။

"သိုက် .. ပြန်လာပြီလား?"

ကိုကိုက သူ့ဆီလျှောက်လာပြီး အောက်ကျနေသော အိတ်ကို ကောက်ယူသည်။ သူက ကိုကို့ကို ဂရုမပြုဘဲ အိမ်ထဲ ပြေးဝင်သွား၏။

လုယာ၏ လက်ထဲက သားကို ဆတ်ခနဲ ပွေ့ယူတော့ သားက လန့်နိုးလာသည်။

"အင်း ဖေ"

"ဖေ့ဆီလာ"

အိပ်ချင်မူးတူးဖြင့် သားအား သူ ပြာပြာသလဲ လွှဲပြောင်းချီသည်ကို လုယာက စိတ်မကောင်းဖြစ်သယောင် ကြည့်သည်။ ကိုကိုကပါ သူတို့အနီး လှမ်းလာသည်။

"မင်းလုပ်တော့ ကလေးနှိုးသွားပြီ .. ဘာဖြစ်တာလဲ သိုက်ရယ် အလန့်တကြား"

"သားကို ကျွန်တော့်အခန်းထဲ သွားသိပ်လိုက်မယ် ကိုကို"

သူက စကားကို ဖြတ်ပြောပြီး သားကို ချီကာ အခန်းထဲ ဝင်လာခဲ့သည်။ အိပ်ရာထက်မှာ ချပေးတော့ သားက သူ့ကို မပွင့်တပွင့် မျက်ဝန်းများဖြင့် မော့ကြည့်သည်။

"ဒီနေ့ ဖေကြီးတို့နဲ့ အိပ်နော် ဂိုဂိုး"

"ဟုတ် .. ဖေ မွ"

သား၏ ပါးလေးကို သူ ငုံ့မွှေးနေဆဲ အထဲ ဝင်လာသော ကိုကို့ကို တွေ့ရသည်။ သားကို စောင်ခြုံပေးပြီး ကျောလေး ပုတ် သိပ်တော့ ကလေးပီပီ ချက်ချင်း ပြန်အိပ်သွား၏။

Swamping with Intimacy (Season2)Where stories live. Discover now