နေသာသောတစ်ရက်တွင် ဒေါက်တာသိုက်မင်းဆက်သည် ကျောင်းသားများအတွက် သင်တန်းပို့ချရန် စာတမ်းများကို ရေးနေခဲ့သည်။ နားချိန်အရောက် အအေးသောက်ရန် ဧည့်ခန်းထဲမှ ထွက်ချိန်တွင် အထဲသို့ ဝင်လာသော ဂိုးနှင့် တိုး၏။ သားက ဖုန်းပြောနေလျက်မှ ဖုန်းကို လက်ဖြင့် ပိတ်ကာ ..
"ဖေကြီး .. အအေးသောက်ချင်လို့လား။ ဂိုးဖျော်ပေးမယ်လေ"
"ရတယ်ရတယ် ဖုန်းပြောနေတာမဟုတ်လား။ ဖေကြီး ကိုယ့်ဘာသာဖျော်လိုက်မယ်"
"ရတယ် ဘုံဘုံနဲ့ ပြောနေတာ .. လိုရင် ခေါ်နော်"
မင်းဆက်က သား၏ ပုခုံးကို အသာပုတ်ပြီး Kitchen counter ဖက် ဦးတည်လိုက်သည်။ သံပုရာဖျော်နေစဉ် မကြာ၊ ကိုကိုတစ်ယောက်က သားရှိရာ ဝရံတာသို့ ဝရုန်းသုန်းကား ပြေးသွား၏။
"ကိုကို ကိုကို .. ဘယ်သွားမို့လဲ"
လက်ထဲတွင် ကြက်မွေးတစ်ချောင်းကို ကိုင်ထားသော ကိုကိုသည် သူ့အနီးသို့ ကပ်လာ၍ တိုးတိုးတိုးတိုး ပြောသည်။
"မင်းသားလေ .. ရည်းစားရနေပြီလားမသိဘူး"
"ဟင်။ မဟုတ်လောက်ပါဘူး ကိုကိုရဲ့ ဘာဖြစ်လို့လဲ"
"သူဖုန်းပြောနေတဲ့ အနားကို ငါရောက်လာတော့ ရှောင်ထွက်သွားတယ်"
"အဲ"
မင်းဆက် သွားတန်းဖြူများ ပေါ်အောင် ရယ်တော့ ကိုကိုက မျက်မှောင်ကြုတ်သည်။ တကယ့် သားအဖ။ ဂိုး လုပ်သွားပုံကို မင်းဆက် နားလည်သည်။ သက်သက် သူ့ဒယ်ဒီ စိတ်ပူတတ်မှန်းသိလို့ ဘာလိုလိုညာလိုလို လုပ်သွားတာ။
"ကိုကိုထင်သလို မဟုတ်လောက်ပါဘူး"
"နေစမ်းပါ။ မင်း ဘာမှမသိဘူး .. သံပုရာရည်သောက်မလို့လား ငါဖျော်ပေးမယ်။ သွားထိုင်နေ"
"ရတယ် ကိုကို .. ပြီးတော့မှာ။"
ကိုကို သွားချင်နေမှန်းသိ၍ မေးဆတ်ပြတော့ တန်းခနဲနေအောင် ဝရံတာ ပြေးသည်။ မင်းဆက် အအေးခွက်ကိုင်ပြီး ခုံမှာ ပြန်ထိုင်သည်အထိ ဝရံတာက သားအဖ အခြေအနေကို လှမ်းအကဲခတ်မိ၏။ ကိုကိုက ဝရံတာ တိုင်လုံးတွေကို ကြက်မွေးနှင့် သုတ်သလိုလို ပြုကာ သားဆီကပ်သည်။ ဟိုကလည်း ဖုန်းပြောသည်ကိုသာ အာရုံစိုက်သလိုလိုနှင့် ကိုကို အနားရောက်သည့်အခါ တခြားဖက်သို့ လျှောက်သည်။ တစ်ချက် တစ်ချက်မှာ သားအဖနှစ်ယောက် ခိုးကြည့်နေတာ ဆုံပြီး ရယ်ပြလိုက်ကြသေး။
YOU ARE READING
Swamping with Intimacy (Season2)
Romance-သိုက်မင်းဆက် နောင်တဆိုတာ မရှိဘူး ကိုကိုဖြစ်နေသရွေ့ ... -ခန့်ဦးရှိန် သိုက်နဲ့ ပတ်သတ်တဲ့ လူတိုင်းကို ငါချစ်နိုင်ပါတယ် ... (I want you to enjoy Season-1 before this>,<)