အပိုင်း-(၄၆)

67.2K 6.5K 1.9K
                                    

သား သူ့အမေ၏ ဝမ်းထဲ အခိုင်အမာ ရှိနေပြီဖြစ်သော နှစ်ပတ်အချိန်လွန်မှ သူတို့ မြန်မာပြည် ပြန်ဖြစ်သည်။

သူက ဆေးရုံကို ပစ်ထား၍ မရသလို ကိုကို့လုပ်ငန်းများနှင့် ကိုအာကာကိုလည်း သည်ထပ် ကြာကြာ ဝန်မပိစေလိုတော့။

ဒါတောင် ဘန်ကောက်တစ်ခွင် ပြဲပြဲစင် ခြေဆန့်ထားသည့် ဒဏ်များဖြင့် မန္တလေး ရောက်ရောက်ချင်း ကိုကိုက ဖျားတော့သည်။

သည်လိုနဲ့ သူ ဆေးရုံမသွားဖြစ်။ ဆေးရုံ ဆေးခန်း မုန်းသော ကိုကို့ကို အိမ်မှာပဲ အနီးကပ် ပြုစုပေးရသည်။

"ကိုကို တစ်ဇွန်းလောက်ထပ်စားပါအုံး"

ဆေးတိုက်ပြီး ဆန်ပြုတ်ခွံ့ချိန်တိုင်းမှာ ကိုကိုက ကလေးလို အင်တင်တင် လုပ်မြဲ။ ဆရာဝန်ပီပီ သူက အမြန်သက်သာအောင် ဆေးထိုးပေးလိုက်ချင်သော်လည်း ကိုကို့ဖက် ကြည့်ရသေးတာမို့ သောက်ဆေးဖြင့်သာ တအိအိ သွားကြရသည်။

"အဟွတ် အဟွတ် .. တော်ပြီ မသောက်ချင်တော့ဘူး"

"မသောက်လို့မရဘူး ... အဖျား မကျတာ နှစ်ရက်ရှိနေပြီ ... အားရှိအောင် စားမှ မြန်မြန်ပျောက်မှာပေါ့"

ကိုကိုသည် ဆံပင်ကောက်ပွပွများ ရှုပ်သွားအောင်ထိ ဦးခေါင်းကို ရမ်းခါလေသည်။ သူ မဆူရက် မငေါက်ရက် နှင့် ကိုကို့ဘေးဝင်ထိုင်ပြီး ထွေးပိုက်တော့ ရင်ခွင်ထဲ တိုးလာ၏။

ကိုကို့ခန္ဓာကိုယ်မှာ အင်မတန် ပူနွေးနေသည်။

"ဆေးထိုးရအောင် ကိုကို ... ခဏပဲလေ"

"ဟင့်အင်း ဟင့်အင်း ဟင့်အင်း မထိုးဘူး မထိုးဘူး ... မထိုးပါရစေနဲ့ သိုက်ရယ် ကိုကိုဆေးမထိုးချင်ပါဘူး"

ကိုကိုသည် သူ့ စွပ်ကျယ်စကို ဆွဲကိုင်လှုပ်၍ မငိုရုံတမယ် ထအော်ပါသည်။ လူနာ ဆန္ဒမရှိသည်ကို အတင်း မလုပ်ချင်။ လူနာက ကိုယ့်အသည်းနှလုံးဖြစ်နေတော့ ပိုဆိုး၏။

"ခေါင်းကိုက်တယ်"

သူက အဖျားငွေ့ တရှိန်းရှိန်း တက်နေသော ကိုကို့ကို အသာအယာ ပွေ့ဖက်ထားရင်း ချော့ရသည်။ ဖျစ်ညှစ်ရာ ကိုကို့ အသားအရည် ဖွေးဖွေးက ဖျော့တော့တော့ အားလျော့လျော့ ဖြစ်နေသည်။

Swamping with Intimacy (Season2)Where stories live. Discover now